ရွှေဘို ၃ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်အတွင်း ဧပြီလ ၃၀ ရက် ညနေ ၆ နာရီခန့်က လေပြင်းတိုက် ခတ်မှုကြောင့် ပလိုင်း၊ ရေတော်မူ၊ဝါးရုံကန်နှင့်တက်တူကျေးရွာများရှိ လူနေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ဆုံးရှုံးမှုများဖြစ်ပွားခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံငွေနှင့်ပစ္စည်း များကို မေ ၂ ရက် မွန်းလွဲပိုင်းက ကျေးရွာများ အရောက်သွားရောက်ပြီး ထောက်ပံငွေနှင့် ပစ္စည်းများ ထောက်ပံပေးအပ်ခဲ့သည်။
ထို့သို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် ပတ်သက်ပြီး ဌာနက သတ်မှတ်ထားသော စံနှုန်းများကို ဦးစီးအရာရှိ ဒေါ်ဝေဝေအောင်က ရှင်းလင်းပြောကြားခဲ့ပြီး လေဘေးကြောင့် အိမ်ပြိုမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စု (၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းနှုန်းဖြင့် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေကျပ် ၅၀ဝ၀ဝ၀ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးစီကိုလည်းကောင်း၊ လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၂၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၅၁၀ဝ၀ဝ ကျပ်ကိုလည်းကောင်း၊ အိမ်ပြို၊ အမိုးလန်အိမ်ထောင်စု(၃၀) ရှိ လူဦး ရေ(၁၂၅)ဦးအတွက် တစ်ဦးလျှင် ၂၁၀ဝ ကျပ်နှုန်းဖြင့် ဆန်ရိက္ခာဖိုးငွေ ၂၆၂၅၀ဝ ကျပ်စုစုပေါင်း ၁၂၇၂၅၀ဝ ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ မေလ ၂ ရက်နေ့၊နံနက် ၈ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ဝက်လက်မြို့နယ် တောကုန်းကျေးရွာတွင် လူနေအိမ် တစ်လုံး အမိုးလန်မှု ဖြစ်ပွားခဲ့သောကြောင့် ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချောစုမှ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၇၀ဝ၀ဝ နှင့် မိသားစုလေးဦးအတွက် တစ်ဦးလျှင် ၂၁၀ဝ နှုန်းဖြင့် ဆန်ရိက္ခာဖိုးငွေကျပ် ၈၄၀ဝ ၊စုစုပေါင်း ၇၈၄၀ဝ ကျပ်ကိုဝက်လက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးခန်းမ၌ မေလ ၂ ရက်နေ့ ၊ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)


