သနပ်ပင်   ၃   မေ

 

သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ နွေရာသီတွင် သောက်သုံးရေ အခက်အခဲမရှိစေရန် ဌာဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးလက် သောက်သုံးရေ ရရှိရေးအဖြစ် ဘဏ္ဍာရေးနှစ်အလိုက်  စက်ရေတွင်းတူးဖော်ခြင်း၊ ရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် အခြားရေပေးရေး လုပ်ငန်းများပေါင်း(၁၄၈)ခု ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း  နွေရာသီတွင် သောက်သုံးရေ အခက်အခဲမရှိစေရေး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်း သောက်သုံးရေလိုအပ်လာပါ အချိန်နဲ့ တပြေးညီ သွားရောက်ဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ လိုအပ်လျှက်ရှိသည့် ကျွဲတဲ၊ ဆယ်ဧက၊ သနတ်တန်း၊ ဉာဏ်ကျွန်း၊ကသစ်ခုံ၊ ကံကြီးဝိုင်း ကျေးရွာများသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ ပရဟိတအဖွဲ့များဖြင့် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်များ ကူညီကယ်ဆယ် စောင့်ရှောက်ရေး ကွန်ယက်တို့နှင့် ချိတ်ဆက်၍ သောက်သုံးရေလိုအပ်လျက်ရှိသော ၎င်းကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။

 

၎င်းအပြင်  မိုးနှောင်းကာလ မိုးရွာသွန်းမှုနည်းပါး၍ ယခုနှစ်နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့ သောကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၃၁)ရွာ၌ သောက်သုံးရေကန်အချို့ ရေခန်းခြောက် လျှက်ရှိကြောင်း ကျေးရွာများမှ တင်ပြလာမှုကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များ ပါဝင်သော မြို့နယ်အဆင့် သောက်သုံးရေရရှိမှု အကောင်အထည်ဖော်ရေး ကော်မတီမှ ၎င်းကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေ စေရန် အလှူရှင်များဖိတ်ခေါ်၍ အလှူရှင်များမှ လှူဒါန်းသောငွေများဖြင့် ရေကန်များ ပြန်လည်ပြုပြင်လျက်ရှိရာ မြို့နယ်အတွင်း သောက်သုံးရေကန် ခန်းခြောက်သော ကျေးရွာများအနက် ကျေးရွာ(၁၉)ရွာမှ ရေကန်များအား ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ သောက်သုံးရေ လိုအပ်မှု မရှိစေရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသောကြောင့် သောက်သုံးရေကန်များ ပိုမိုဖူလုံမှုရှိ၍ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေနိုင်တော့ မည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)