ဒေးဒရဲ ၃ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒေးဒရဲမြို့ပေါ်ရှိ အခြေခံလူတန်းစားများဖြစ်သည့် အနှေးယာဉ်လုပ်သားများ၏ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေးဒရဲမြို့ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်အဆင့် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အနှေးယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ဒေးဒရဲမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များဖြစ်သည့် ဦးတင်ဝင်း(ဝန်းရံခ)၊ ဦးမင်းအောင် (တော်ဝင်)၊ ဦးကျော်ထွန်း(ရွှေလဝင်း)၊ ဦးထွင်းမြင့်အောင်(အမေ့သားဂုဏ်ရောင်)၊ ဦးဉာဏ်လင်းအောင်(ရွှေဧရာ)၊ ဦးကျော်ညွန့်(နုရတနာ)နှင့် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီတို့ ပူးပေါင်း၍ ဒေးဒရဲမြို့ပေါ်ရှိ အနှေးယာဉ်လုပ်သား (၃၀ဝ)ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ နေ့စားဝန်ထမ်း (၁၂)ဦးတို့အား တစ်ဦးလျှင် ဆန်(၅)ပြည်၊ ပဲ(၅)လုံး၊ ဆီ(၅၀)သားနှင့် နှာခေါင်းစည်း (၁)ခုစီတို့အား ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ အထောက်အကူပြု အဖွဲ့ခေါင်းဆောင် ဦးမြင့်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


