တောင်တွင်းကြီး ၃  မေ 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ အဓိကထွက်ကုန်တစ်ခုဖြစ်သည့် ပဲကြော်များ သင်္ကြန်ပြီးကာလမှစ၍ ယခင်ကထက် အ၀ယ်လိုက်ပြီး ရောင်းအားမြင့်တက်လာကြောင်း သိရသည်။

 

သင်္ကြန်ကာလ ပိတ်ရက်များတွင် ရိက္ခာပြတ်လပ်သွားခြင်း၊ ပြည်တွင်း၊ ပြည်ပမှ နေရပ်ပြန်သူများ များပြားလာသည့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက်ရှိလာ၍  ရောင်းအား မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်းနှင့် တစ်နေ့ပဲ ပိဿာချိန် ၂၀၀၀ ၀န်းကျင်ခန့် ကြော်နေရကြောင်း ပဲကြော်လုပ်ငန်းရှင် ဦးဇော်ကို၀င်းက ပြောကြားသည်။

 

တောင်တွင်းကြီးဒေသထွက် ပဲကြော်မျိုးစုံမှ ပဲကြော်ရိုးရိုး၊ စတော်ကြော်နှင့် ပဲလှော်တို့သည် တောင်တွင်းကြီးမြို့တွင် အသုံးများပြီး ပဲပူးကြော်၊ တရုတ်ပဲကြော်၊ တရုတ်အစုံနယ်၊ ပဲကြီးအစုံနယ်၊ မြေပဲဆီကြော်၊ ပဲကြီးဆီစိမ်ဂေါ်ရှယ်တို့ကို နေပြည်တော်၊ ရန်ကုန်၊ နတ်မောက်၊ မြို့သစ်နှင့် အခြားမြို့များသို့ တင်ပို့ပေးနေရကြောင်းသိရသည်။

 

ယခုအခါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလဖြစ်သည့်အတွက် ကုန်စည် စီးဆင်းမှု နှေးကွေးနေပြီး ပစ္စည်းတင်ပို့မှုတွင် အနည်းငယ် အခက်အခဲရှိကြောင်းနှင့် အဓိက ကုန်ကြမ်းများဖြစ်သည့် စာအုန်းဆီနှင့် ပဲဈေးနှုန်းများ အနည်းငယ်အတက်အကျ ရှိကြောင်းသိရသည်။

 

အေးမိုးမိုးမြင့်(ပြန်/ဆက်)