ဖြူး ၃ မေ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ မြန်မာပြည်တွင်း ဒေသအသီးသီးမှ မိမိဒေသသို့ ပြန်လာကြသူများအား Facility Quarantine Centre များတွင် (၂၁) ရက်စောင့်ကြည့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။
ယနေ့ မွန်းလွဲ (၂) နာရီက လားရှိုးမြို့တွင် လမ်းလုပ်ငန်းသွားရောက် လုပ်ကိုင်ကြသော အမျိုးသား (၈) ဦး၊ အမျိုးသမီး (၃) ဦးပါဝင်သော လမ်းလုပ်သားအဖွဲ့သည် ဖြူးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာရာ Facility Quarantine Centre (ပင်မ) အ.ထ.က (၁) ဖြူးတွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးပြီး ၎င်းတို့ နေရပ်ဖြစ်သော ဘုရားလဟာကျေးရွာ Facility Quarantine Centre တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသွားရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ဆွေးနွေးတိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါ နေရပ်ပြန်လာသူ (၁၁) ဦးအား ကျေးရွာ Facility Quarantine Centre အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ပို့ဆောင်ပေးခဲ့ပြီး (၂၁) ရက်ကြာ အသွားအလာကန့်သတ်၍ သီးသန့်နေထိုင်စောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မနွယ်(ဖြူးပြန်ဆက်)


