စဉ့်ကိုင် ၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် မဲဇာရွာနှင့် သင်ကတုန်ရွာတွင် မြက်ဖျာ ရက်လုပ်သည့် လုပ်ငန်းဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေ ဖော်ဆောင်လျက်ရှိသည်။
မဲဇာရွာနှင့် သင်ကတုန်ရွာရှိ မိသားစု အများစုမှာ မြက်ဖျာရက်လုပ်သည့် လုပ်ငန်းကို ရှေးယခင်ကတည်းက တောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ကြသည်။ တောင်သူနားချိန်တွင် မြက်ဖျာများ တွင်ကျယ်စွာ ရက်လုပ်ပြီး ဒေသအနှံ့ ဖြန့်ချီရောင်းချကြသည်။ မြက်ဖျာရက်လုပ်ရန်အတွက် အဓိကကုန်ကြမ်းမှာ ဒေသအခေါ် ဆီမီးတိုင် (ခေါ်) ရှင်မွေးလွန်းမြက်ကို အသုံးပြုကြရသည်။ ရှင်မွေးလွန်းမြက်မှာ အင်းအိုင်များ၊ ကန်များအတွင်း ပေါက်ရောက်ပြီး မြက်ဖျာရက်လုပ်ပါက နွေတွင်အေးပြီး ဆောင်းတွင်းပိုင်းတွင် နွေးသည့် သဘာဝဓာတ်ရရှိသည်။ မြက်ကုန်ကြမ်းကို ကိုယ်တိုင်ရိတ်ခြင်း၊ မြက်ရိတ်ရောင်းချ သူများထံမှလည်း တစ်ဆင့် ဝယ်ယူသိုလှောင်ခြင်းများ ပြုလုပ်ကာ တစ်နှစ်ပတ်လုံး ရက်လုပ်ကြသည်။ ဆီမီးတိုင် မြက်အခြောက် အထုတ်တစ်ထုတ်လျှင်ငွေကျပ်ငါးထောင်ပေးရသည်။
ယခင်က မြက်ဖျာရက်လုပ်ရာတွင် ကြိုးများကို သီးသန့်လွန်းကာ ရက်လုပ်သော်လည်း လက်ရှိကာလတွင် ပလက်စတစ်ကြိုးကို အသုံးပြုကာ ရက်လုပ်ကြသည်။ လူတစ်ဦးတစ်နေ့လျှင် မြက်ဖျာ (၇) ချပ်အထိပြီးစီးသည်။ မြက်ဖျာရက်လုပ်မှုတွင် အဆင်ဒီဇိုင်းလှပရန်အတွက် မြာ ဟုခေါ်သောမြက်ကို ချည်ဆိုးဆေးများဖြင့် အနီ၊ အစိမ်း၊ ခရမ်း၊ အပြာနှင့်အခြားအရောင်များဆိုးကာ တစ်ထွာခြား ထည့်သွင်းရက်လုပ်ကာ အကွက်ဖော်လေ့ရှိသည်။ ဈေးကွက်တွင်ရောင်းချသော မြက်ဖျာများကို အလျားသုံးတောင်နှင့် တစ်ထွာ၊ အနံနှစ်တောင် အရွယ်အစား ရက်လုပ်ပြီး တန်းလျားခုံ၊ ထိုင်ခုံများခင်းရန်အတွက် သီးသန့်ရက်လုပ်ပေးခြင်းများလည်း ပြုလုပ်ပေးလျက် ရှိသည်။
မြက်ဖျာရက်လုပ်မှုတွင် ဆီမီးတိုင် (ခေါ်) ရှင်မွေးလွန်းမြက်ဖြင့် ရက်လုပ်သည့် မြက်ဖျာအကြမ်း နှင့် မြာ မြက်ဖြင့် ရက်လုပ်သော မြက်ဖျာအနု ဟူ၍ နှစ်မျိုးရက်လုပ်ရောင်း ချကြသည်။ မြက်ဖျာအကြမ်း တစ်ချပ်လျှင်ငွေကျပ် ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀အထိ လက်ရာအလိုက် ဈေးအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိသည်။
တိမ်တမန်


