ရန်ကုန် ၃ မေ

 

ကရင်ပြည်နယ်အစိုးရမှ နေရပ်ပြန်လာသူများအား စနစ်တကျကြိုဆိုနိုင်ရေး ဆောင်ရွက်မှုများအား ပံ့ပိုးကူညီသည့် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ပြည်နယ်အစိုးရထံသို့ ကမ္ဘောဇဘဏ်က မေ ၃ ရက်တွင် ထပ်မံလှူဒါန်းခဲ့သည်။

 

လှူဒါန်းမှုတွင် မြဝတီနှင့် ဘားအံမြို့တွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း ခုရေ ၂၀ဝ၀ဝ ကို ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ဧပြီလအတွင်းကလည်း ကရင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက် ဆေးပေးခန်းများသို့ PPE ဝတ်စုံ ၂၀ဝ၊ အပူချိန်တိုင်းစက် ၅၀၊ နှာခေါင်းစည်း ၅၀ဝ၀၊ မျက်မှန် ၂၀ဝ၊ ၁၈၀ မီလီ Hand Gel ဗူး ၃၀ဝ ကို ဖြန့်ဝေလှူဒါန်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပြည်သူများအတွက် ဆန်အိတ် ၁၀ဝ၀ ကိုလည်း ကရင်ပြည်နယ်အစိုးရအဖွဲသို့ ဧပြီ ၂၂ ရက်က သွားရောက် လှူဒါန်းခဲ့သည်။ 

 

ကမ္ဘောဇဘဏ်သည် ကရင်ပြည်နယ်အတွက် ၂၀၁၆ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်း ၁၀ဝ၀ ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ငွေကျပ် သိန်း ၄၅၀ တန်ဖိုးရှိ ရေသယ်ယာဉ်အသစ် ငါး စီးကိုလည်းကောင်း၊ ၂၀၁၈  ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ပြည်နယ် အစိုးရထံသို့ ငွေကျပ် သိန်း ၅၀ဝ နှင့် ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများမှလည်း နီးစပ်ရာပရဟိတ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးစခန်းများသို့ အစားအစာ၊ ရေသန့်၊ ဆေးဝါးနှင့် လိုအပ်သော ပစ္စည်းများကိုလည်းကောင်း ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

လက်ရှိတွင် ကူးစက်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၁၄၀ဝ၀ ကျော် တန်ဖိုးရှိ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို သယ်ယူလှူဒါန်းခြင်း၊ ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ လှူဒါန်းငွေကျပ် သိန်း ၂၀ဝ၀ မတည်ကာ ရိက္ခာထုပ်ပေါင်း ၁၀ဝဝ၀ဝ ကို ပြင်ဆင်ထား၍ နိုင်ငံတွင်း အရေးပေါ် လိုအပ်သောနေရာများသို့ ဖြန့်ဝေလှူဒါန်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြည်ပမှ ပြန်လည် ဝင်ရောက်လာကြသည့် နိုင်ငံသားများနှင့် ၎င်းတို့ရောက်ရှိနေထိုင်ရာ နေရာဒေသများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စောင့်ကြည့်လူနာ များအတွက် ငွေကျပ်သိန်း ၃၀ဝ၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေးပစ္စည်း (၆) မျိုးကို လှူဒါန်းလျက်ရှိသည်။ 

 

ကမ္ဘောဇဘဏ်၊ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI)နှင့် Air KBZ လေကြောင်းလိုင်းတို့သည်  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယနေ့အထိ ငွေကျပ်သိန်းပေါင်း ၃၃ဝ၇၄ ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။

 

ကိုကျော်