မန္တလေး ၃ မေ
မြန်မာ့လက်မှုအနုပညာ ပစ္စည်းများတွင် လက်ရာမြောက် ယွန်းအနုပညာပစ္စည်းများကို ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားကြသည်။ လက်ရှိကာလတွင် ယွန်းလက်မှုပစ္စည်းများကို အဆင့်မြင့်တင်ကာ တန်ဖိုးမြင့်ပစ္စည်းများအဖြစ် ပြုလုပ်လာကြသည်။
အနုပညာမြောက် ယွန်းထည်များကို အများဆုံးပြုလုပ်သည်မှာ ပုဂံဒေသနှင့် ညောင်ဦးဒေသပင် ဖြစ်သည်။ မြန်မာ့ ယွန်းအနုပညာ အထည်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ သမိုင်းဝင်နေရာများတွင် ခမ်းနားစွာ ပြင်ဆင်ထားရှိကာ ရောင်းချခြင်းနှင့်အတူ တန်ဖိုးမြင့် ယွန်းအနုပညာပစ္စည်းများကို လေယာဉ်ကွင်းနှင့် မြို့ပြဒေသ အနုပညာပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချကြသည်။
လုပ်ကိုင်ပုံနည်းစနစ်အရ ဈေးနှုန်းအမျိုးမျိုး ကွာခြားသွားပြီး တန်ဖိုးနည်း ယွန်းထည်များမှာ ငွေကျပ် သုံးထောင်ကျော်၊ အနုပညာလက်ရာမြောက် တန်ဖိုးမြင့် ယွန်းထည်တစ်ခုလျှင် ငွေကျပ် သုံးသောင်းကျော်မှ သိန်းနှစ်ဆယ်ကျော်အထိရှိကြောင်း သိရသည်။
မြန်မာ့လက်မှု ယွန်းအနုပညာသည် ခေတ်ဆက်ဆက် ဖြတ်သန်းမှုများနှင့်အတူ နည်းစနစ်သစ်များပါ ပေါင်းစပ် ကာ တစ်ဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ရှေးခေတ်အခါက အနက်ထည် ယွန်းထည်အဆင့်မှ ညောင်ရမ်းခေတ် ရောက်သည့်ကာလတွင် ကညစ်ယွန်းထိုးအဆင့်အထိ တိုးတက်လာကြောင်း သိရသည်။
လက်ရှိကာလတွင် ယွန်း ထည်ပစ္စည်းအမျိုးမျိုးကို ကညစ်ယွန်း၊ ရွှေစဝါယွန်း၊ သရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ မံယွန်းတို့ကို ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအထွေထွေဖြင့် စိတ်ဝင်စားအောင် ပြုလုပ်လာနိုင်ခဲ့သည်။
မြန်မာ့ယွန်းထည်များ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ခွေထည်၊ ရက်ထည်၊ ပုတ်ထည်၊ ကြောင်လိမ် ထည်ဆိုသော ရက်လုပ်နည်းများဖြင့် ရက်လုပ်ကြသည်။ အများအားဖြင့် ပန်းကန်ပြား၊ ပန်းကန်လုံး ပန်းအိုး၊ စဉ့်အိုး၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေနွေးပန်းကန်လုံး၊ မင်္ဂလာအုပ်၊ ဇီးကွက်ရုပ်၊ ဆေးလိပ်ပြာခံခွက်တို့ကို ခွေထည်နည်းဖြင့် ပြုလုပ်ကြသည်။
ထမင်းချိုင့်၊ လင်ပန်း၊ ကလပ်၊ ကွမ်းအစ်၊ ဘိအစ်၊ သစ်သီးခြင်း ယွန်းထည်များကို ရက် ထည်နည်းဖြင့် ပြုလုပ်ကြသည်။ ရေခွက်အမျိုးမျိုး၊ ကွမ်းအစ် အမျိုးမျိုးနှင့်အတူ လှပသော စီးကရက်ဘူး ယွန်းထည်များကို ပုတ်ထည်နှင့် ကြောင်လိမ်ထည် တွဲစပ်လုပ်ကိုင်ရကြောင်းသိရပြီး တန်ဖိုးမြင့် လက်မှုအနုပညာမြောက် ယွန်းထည်ပစ္စည်းများကို အားထားပြုလုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။
တိမ်တမန်


