မြဝတီ  ၃   မေ

 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို မေ ၁ ရက်မှ စတင်လက်ခံလျက်ရှိရာ မေ ၃ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာမှုမရှိကြောင်း သိရသည်။

 

“ လက်ရှိအနေထားကတော့ ကျွန်တော်တို့ဘက်ခြမ်းက ပြန်လာဖို့အတွက်ကို ထိုင်းအစိုးရနှင့် ညှိနှိုင်းနေပါတယ်၊ ဟိုဘက်မှာကျတော့ ကျွန်တော်တို့ သိရသလောက်ကတော့ ကာဖျူးရှိတယ်၊ နောက်တစ်ချက်ကတော့ ကန့်သတ် ထားတာတွေ လုပ်ထားတဲ့အတွက် ဒီအချက် နှစ်ချက်နဲ့ ကိုက်ညီပြီးတော့ ထိုင်းအစိုးရဘက်က အကောင်းဆုံး ဖြစ်နိုင်တဲ့အစီအစဉ်ကို မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးနေတာရှိပါတယ်၊ ဟိုဘက်မှာကတော့ အသေးစိတ် ဆွေးနွေးနေတယ်၊ ကျွန်တော်တို့ မျှော်မှန်းထားရသလောက် ဒီကိုပြန်လာခွင့်ရတဲ့ နိုင်ငံသားတွေကို လက်ရှိစာရင်းပေးထားတဲ့ နိုင်ငံသားတွေကို အသုတ်လိုက် အသုတ်လိုက် အထူးသဖြင့် ဗန်ကောက်ကို အဓိကထားပြီးတော့ ပြန်လာဖို့ကို စနစ်တကျ ဆောင်ရွက်နေပါတယ်၊ ကျွန်တော်တို့ မှန်းရသလောက် နောင်နှစ်ရက် သုံးရက်ကျရင်တော့ တိကျတဲ့အဖြေထွက်လာပြီး အဲအဖြေအတိုင်းပဲ ကြီးကြပ်ဆောင်ရွက်သွားပါမယ်လို့” ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။ 

 

ပြန်လည်ဝင်ရောက်လာတဲ့သူများ အနေဖြင့် မေ ၁ ရက်တွင် နေပြည်တော် ၅ ဦး၊ ကရင်ပြည်နယ် ၁၁ ဦး ၊ စစ်ကိုင်းတိုင်ဒေသကြီး ၁ ဦး၊ ပဲခူး ၃၄ ဦး၊ မွန် ၁၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၂ ဦး စုစုပေါင်း ၆၀ ဦး၊ မေ ၂ ရက်တွင် ကယား ၃ ဦး၊ ကရင်ပြည်နယ် ၁၃ ဦး၊ ပဲခူးတိုင်းဒေသကြီး ၂၆ ဦး၊ မကွေးတိုင်း ၅ ဦး၊ မန္တလေး ၁ ဦး၊ မွန်ပြည်နယ် ၂ ဦး၊ ရန်ကုန် ၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၃ ဦး စုစုပေါင်း ၅၄ ဦးတို့ ဖြစ်သည်။ 

 

 ထို့ကြောင့် မေ ၁ ရက်နှင့် ၂ ရက်နေ့တွင် ပြန်လာသူ ၁၁၄ ဦးရှိပြီး ယနေ့ မေ ၃ ရက်တွင် ပြန်လည်ဝင်ရောက် လာတဲ့သူမရှိကြောင်း သိရသည်။ 

 

ထိန်လင်းအောင်(ပြန်/ဆက်)