မိုးနဲ   ၃  မေ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာနှင့် ကာမလန်းကျေးရွာတို့တွင် ယနေ့ ညနေ ၂ နာရီ ၄၅ မိနစ်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၀)လုံး၊ နွားခြံ တစ်ခြံနှင့် ဂိုတောင်တစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်ရာကျေးရွာများသို့ မိုးနဲမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် လမ်းဦးစီးဌာနမှ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တယားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးခြင်းများ လုပ်ဆောင် ပေးခဲ့ပြီး လေဘေးသင့်ပြည်သူများအား ၎င်းတို့၏ ဆွေမျိုးသားချင်း နေအိမ်များတွင် ယာယီနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)