မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး နှစ်ရက်ဆက်တိုက် ပိုးတွေ့ လူနာ မရှိခဲ့ရာမှ မေ ၃ ရက်တွင် ပိုးတွေ့လူနာ လေးဦးထပ်မံတွေ့ရှိခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၃ ရက် ထုတ်ပြန်ချက်များအရ ယနေ့အထိ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၈၅၈၀ ရှိပြီး ပိုးတွေ့လူနာ ၁၅၅ ဦး၊ သေဆုံးလူနာ ၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၉ ဦးရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် နေ့အလိုက် ရောဂါကူးစက်မှု အနေအထားအရ အစုလိုက်၊ တစ်ယောက်ချင်း အနည်းအများ ဖြစ်ပေါ်ခြင်းတို့ကို ဆင်ခြင်သုံးသပ် ကြည့်လျှင် သင်ခန်းစာယူရမည့်အချက်များကို မှတ်မှတ်ထင်ထင် တွေ့မြင်ရ မည်ဖြစ်သည်။ ရောဂါသက်သာလာသူများ တစ်စတစ်စတိုးလာပြီး ရောဂါ ကူးစက်မှုမှာလည်း တစ်ယောက်စ၊ နှစ်ယောက်စမှသည် ရောဂါကူးစက်မှု မတွေ့ရဘဲရှိလာပါက ရောဂါကာကွယ်ထိန်းချုပ်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ပြီဟု ဆိုရမည်ဖြစ်သည်။

မည်သည့်အလုပ်ကိစ္စတွင်မဆို အစဉ်အမြဲသုတေသနပြုလုပ်နေခြင်းဖြင့် တိုးတက်ကောင်းမွန်သော အနာဂတ်ကို ပုံဖော်ထုဆစ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ အားကောင်းခြင်းမရှိသော်လည်း ယခု ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသောအချိန်အခါတွင် သက်ဆိုင်ရာအဖွဲ့ အစည်းများသာမက စိတ်ဝင်စားသော ပြည်သူပြည်သားများကလည်း ထုတ်ပြန်ထားသော ရောဂါသတင်းအချက်အလက်များကို နေ့စဉ်လေ့လာ မှတ်သားလိုက်နာဆောင်ရွက်ကြသည်။

ကိုဗစ်-၁၉ ရောဂါသည်ကြောက်မက်ဖွယ်ကောင်းသော ရောဂါဘေးဖြစ်သည်မှာမှန်သော်လည်း ထိုရောဂါဘေး ကာကွယ်ရေးကိုဆောင်ရွက်ရာမှ ရရှိလာသည့် ရလဒ်ကောင်းများဖြင့် ဆက်လက်လုပ်ကိုင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရောဂါဘေးအမျိုးမျိုးကို ကြုံတွေ့ဖူးခဲ့သော်လည်း ဤရောဂါကို အသစ်အဆန်းအဖြစ် ပထမဆုံးအကြိမ် ကြုံတွေ့နေခြင်းဖြစ်သည်။ အတွေ့အကြုံဟောင်းများမှ သင်ခန်းစာများ ထုတ်နုတ်ယူကာဆောင်ရွက်နိုင်ကြသည့်အပြင် ယခုအတွေ့ အကြုံသစ်များကို ထုတ်နုတ်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများရှာဖွေကာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။

ယခုအချိန်အခါတွင် မြန်မာနိုင်ငံအနေအထားအရ ရောဂါပိုးကူးစက်ခံရမှုကို ခန့်မှန်းနိုင်ပြီဖြစ်၍ ရောဂါပိုးတွေ့ရှိသူ၏ ၅၀ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာပြသမှုမရှိသူများ ဖြစ်နေသည်ဆိုသောအချက်ကို အထူးသိရှိဂရုပြုရန် လိုအပ်ပေသည်။ ယခုအချိန်အခါတွင် ပထမပိုင်းကာကွယ်ထိန်းချုပ်၊ ကုသခဲ့ရသော ကြုံတွေ့ခဲ့ရသည့်အခြေအနေများကို သင်ခန်းစာယူ၍ ဆက်လက်ရုန်းကန်တိုက်ပွဲဝင်နိုင်အောင် အားခဲထားရမည်ဖြစ်သည်။ လက်ရှိအခြေအနေ၌ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်ဖြစ်ပြီး ဆက်လက်၍ ခုခံကာကွယ်ကျော်ဖြတ်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာသည်ကိုတွေ့ရသည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများကို စနစ်တကျ ပြန်လည်လက်ခံပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စီမံချက်ပါအတိုင်း သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့်အတူ အတူလက်တွဲ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ကျန်းမာရေးစစ်ဆေးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ် အဆောက်အအုံတွင် နေရာချထားခြင်း အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းတို့ကို ယခုလက်ရှိထက် ပိုမိုစနစ်တကျဆောက်ရွက်သွားကြ ရမည်ဖြစ်ရာ အဓိကမှာ ပြည်သူများသာဖြစ်၍ သတ်မှတ် စည်းမျဉ်း စည်းကမ်း၊ ညွှန်ကြားချက်များကို အတိအကျလိုက်နာကြရမည်ဖြစ် သည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါဘေးနှင့်ပတ်သက်၍ အောင်မြင်စွာ ဖြတ်ကျော်လာခဲ့ကြပြီဖြစ်သည်။ ယခုအချိန်၌အားစိုက်ကြိုးပမ်းလုပ်ဆောင်လျှင် လုပ်ဆောင်သလောက်လာမည့် ကာလများတွင် ကျပ်ကျပ်တည်းတည်းအခြေအနေများမှ အတိုင်းအတာတစ်ခုအထိ နည်းပါးသွားမည့်အပြင် ပြည်သူများ ရောဂါကူးစက်ခံရမှု အသက်ဆုံးရှုံးရမှုများ လျော့ပါးသွားကာ ကပ်ရောဂါဘေးမှ လွန်မြောက်သွားမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ