မိုးနဲ ၄ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာနှင့် ကာမလန်း ကျေးရွာတို့တွင် ယမန်နေ့ညနေ ၂ နာရီ ၄၅ အချိန်ခန့်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံး၊ နွားခြံတစ်ခြံနှင့် ဂိုဒေါင်တစ်လုံး အမိုးလန်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ရာကျေးရွာများသို့ မိုးနဲမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်ကိုကိုသက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက စုပေါင်းရှင်းလင်းဆောင်ရွက်ပေးခြင်း၊ လမ်းဦးစီးဌာနမှ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပြီး ဘေးသင့်ပြည်သူများအား ၎င်းတို့၏ ဆွေမျိုးသားချင်းနေအိမ်များတွင် ယာယီနေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


