၄ မေ
ကိုဗစ်-၁၉ ရောဂါဆိုးကြီး တစ်ကမ္ဘာလုံးမှာ ကူးစက်ပြန့်ပွားနေတာ ၄ လ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၃ သန်းကျော်သွားခဲ့ပြီဖြစ်သလို ဒီရောဂါကြောင့် ကွယ်လွန်သွားသူတွေကလည်း ၂ သိန်းကျော်အထိ ရှိနေပါတယ်။ ပြန်လည်သက်သာလာသူ အရေအတွက်ကလည်း ၁ သန်းကျော်အထိရှိနေပါပြီ။
မြန်မာနိုင်ငံမှာဆိုရင်လည်း ကူးစက်ခံခဲ့ရသူ ၁၅၅ ဦးအထိ တွေ့ရှိထားခဲ့ပြီးဖြစ်သလို သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၆ ဦးအထိ ရှိထားပါတယ်။
ရောဂါအသစ်တစ်မျိုးဖြစ်တာနဲ့အညီ ရောဂါပိုးရဲ့ သဘောသဘာဝကို မှန်းဆရာမှာ အခက်အခဲတွေရှိနေတာမို့ ပညာရှင်တွေလည်း အကြပ်ရိုက်နေဆဲဖြစ်ပါတယ်။ ကုသနိုင်တဲ့ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေကို ဖန်တီးထုတ်လုပ်နိုင်ဖို့ကလည်း ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ အားကြိုးမာန်တက် ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အမှန်တကယ်ပေါ်ထွက်လာဖို့တော့ အချိန်တစ်ခုစောင့်ဆိုင်းရပါဦးမယ်။
ကိုဗစ်ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေပြသလဲ
ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ ကိုဗစ်-၁၉ ဟာ ကုသဖို့ ခက်ခဲနေဆဲဖြစ်တာမို့ ကောလဟာလတွေ သတင်းမှားတွေ အမျိုးမျိုးထွက်ပေါ်နေသလို ရောဂါလက္ခဏာသစ်တွေနဲ့ ကူးစက်နိုင်မယ့် နည်းလမ်းတွေဟာလည်း အမျိုးမျိုးထပ်မံထွက်ပေါ်လာလို့နေပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ ရောဂါကူးစက်ခံရသူအများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံက ရောဂါကာကွယ်ရေးနဲ့ ထိမ်းချုပ်မှုဗဟိုဌာန (Centers for Disease Control and Prevention – CDC) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ရောဂါရဲ့ အဓိကကျတဲ့ လက္ခဏာတွေကို ထုတ်ပြန်ထားပါတယ်။
ရောဂါပိုးကူးစက်ခံရသူတွေဟာ အောက်ပါ လက္ခဏာတွေကို တစ်ခုထက်ပိုပြီး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့
ချောင်းခြောက်ဆိုးတာ၊
မောဟိုက်မှုကြောင့် အသက်ရှူရခက်ခဲတာ၊
ဖျားနာတာ၊
ချမ်းတုန်ဖျားတာ၊
ကြွက်သားနာကျင်တာ၊
ခေါင်းကိုက်တာ၊
လည်ချောင်းနာတာ၊
အနံ့အရသာ ပျောက်ဆုံးတာ၊
ရင်ဘတ်၊ အရှိုက်နေရာက ဆက်တိုက်နာကျင်နေတာ ဒါမှမဟုတ် ဖိစီးမှုကိုခံစားနေရတာ၊
အိပ်ယာထဖို့ ခက်ခဲတာ၊
ဝမ်းပျက်တာ၊
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာ၊
နှုတ်ခမ်းနဲ့ မျက်နှာ ပြာနှမ်းတာတွေ ခံစားနေရမယ်ဆိုရင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာ ဖြစ်နိုင်ချေရှိတယ်လို့ CDC က သတိပေးထားပါတယ်။
အဆိုပါ ရောဂါလက္ခဏာတွေဟာ ၇ ရက်ကနေ ၁၄ ရက်အတွင်း ပြသလာနိုင်တယ်လို့လည်း သတိပေးထားသလို ကလေးငယ်တွေမှာလည်း ပြသနိုင်တယ်လို့ ဆိုထားပါတယ်။
COVID Toe နဲ့ COVID-19
ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဆေးပညာရှင်တွေဟာ ကိုဗစ်-၁၉ ရဲ့ ထူးခြားတဲ့ လက္ခဏာတွေကိုလည်း သတိထားမိလာကြပါတယ်။ ဒါတွေကတော့ ခြေထောက် အရေပြားပေါ်မှာ ပြသတဲ့ လက္ခဏာတွေပါပဲ။
အထူးသဖြင့် ငယ်ရွယ်နုပျိုသူတွေမှာ ဒီအရေပြားနဲ့ သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ပြသလာနေတယ်လို့ သတိပေးမှုတွေရှိနေပါတယ်။ အမေရိကန်နဲ့ ဗြိတိန်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတဲ့ အဆိုပါ သတိပေးချက်တွေအရ ငယ်ရွယ်သူတစ်ချို့မှာ –
• အင်ပြင်ထတာ၊
• ခြေချောင်းတွေမှာ နှင်းကိုက်နာလိုဝေဒနာတွေ ခံစားရတာ၊
• COVID Toe လို့ခေါ်တဲ့ ခြေချောင်း ယောင်ရမ်းနာတစ်မျိုးတွေကို တွေ့လာနေတယ်လို့ ဆိုနေကြပါတယ်။
ကျွမ်းကျင်သူတစ်ချို့ကတော့ သွေးကြောငယ်လေးတွေမှာ အလွန်သေးငယ်တဲ့ ပိတ်ဆို့မှုလေးတွေ ဖြစ်ပေါ်လာတာကြောင့် ခုလို အရေပြားပေါ်က လက္ခဏာတွေဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
COVID Toe လို့ ခေါ်ဝေါ်နေကြတဲ့ ဝေဒနာဟာ ခြေချောင်းလေးတွေမှာ ယောင်ယမ်းပြီး အနာတစ်ချို့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ခြေချောင်းလေးတွေဟာ အပြာရောင် ဒါမှမဟုတ် ခရမ်းရောင်သန်းနေပြီး ယားနေတတ်တယ်လို့လည်းဆိုကြပါတယ်။ အချိန်ကြာမြင့်လာချိန်မှာ အပူလောင်ကွက်လို အရေပြားတွေ လန်လာနိုင်ပါတယ်။
လူနာတစ်ချို့မှာ ဒီဝေဒနာခံစားခဲ့ရကြောင်း သိရှိထားရပေမယ့် လက်ရှိအချိန်အထိ COVID Toe နဲ့ ကိုဗစ်-၁၉ တို့ရဲ့ အဆက်အစပ်ကို တိတိကျကျ သက်သေမပြသနိုင်သေးတာမို့ ကိုဗစ်-၁၉ ရောဂါလက္ခဏာအဖြစ် တရားဝင်သတ်မှတ်တာမျိုး မရှိသေးပါဘူး။
ဒါပေမယ့် အမေရိကနဲ့ ဥရောပက လူနာတစ်ချို့ကတော့ သူတို့အနေနဲ့ ဒီဝေဒနာမျိုးတွေ ခံစားခဲ့ရတယ်လို့ ဆိုထားကြတာမို့ မိမိမှာ ဒီလိုလက္ခဏာမျိုးတွေ ရှိလာရင် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းမှုတွေတော့ ရှိနေပါတယ်။
ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”