ပင်လုံ ၄ မေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် သွားလာရန်ခက်ခဲပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည့် ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ ကျူရုံးကျေးရွာ၊ ကောင်းဆန်းကျေးရွာ၊ တာပူကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ဝမ်အင်ကျေးရွာ၊ ပန်းတန်ကျေးရွာ ကျေးရွာ(၆)ရွာတွင် အိမ်ခြေစုစုပေါင်း ၅၈ အိမ်ရှိ ဆင်းရဲနွမ်းပါးပြည်သူများကို ယနေ့မွန်းတည့် ၁၂ နာရီက စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းပေးကြောင်း သိရသည်။
ပင်လုံပရဟိတအသင်း၊ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း၊ ပင်လုံသွေးလှူရှင်အသင်းတို့က ဦးဆောင်၍ စားနပ်ရိက္ခာများလှူဒါန်းပေးပါသော ပင်လုံပြည်သူလူထုများကိုယ်စား တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကာဘော်လစ်ဆပ်ပြာခဲ(၁)ခဲ စုစုပေါင်းတန်ဖိုးငွေကျပ်(၇)သိန်းကို သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ကျေးရွာများအနက် ကောင်းဆန်းကျေးရွာ၊ တာပူကျေးရွာနှင့် ပန်းတန်ကျေးရွာတို့သည် ပင်လုံမြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးသော်လည်း တောင်တက်တောင်ဆင်းလမ်းဖြစ်ပြီး သွားလာရန်ခက်ခဲသည့် ဒေသဖြစ်ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ


