မိတ္ထီလာ   ၄   မေ

မိတ္ထီလာတွင် ၂ဝ၂ဝ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်းခြောက်သောင်းကျော်ကို မေလ မှ စက်တင်ဘာလအတွင်း ပြီးစီးအောင် ထုတ်ချေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ရန် အထက (၂)၌ ချေးငွေထုတ်ချေးပေးမည်ကြောင်း    မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခရိုင်မန်နေဂျာ ဒေါ်ခင်မျိုးဆွေတင် ထံက သိရသည်။

 

“မိတ္ထီလာမှာ ကျေးရွာအုပ်စု ၅၅ အုပ်စု တောင်သူ ၁ဝ၃ဝဝ   ခန့်ကို လယ် ၁၇၂၁၉ ဧက ၊ ယာ ၃၉၁၅၃ ဧကအတွက်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကနေ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေါင်း ၆၄၉၈၁ ဒသမ ၅၀ သိန်း ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ စပါး(လယ်) တစ်ဧက တစ်သိန်းခွဲကျပ်၊ ယာသီးနှံတစ်ဧက တစ်သိန်းကျပ်နှုန်းနဲ့ ထုတ်ချေးမှာဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက ယာသီးနှံထဲမှာနှမ်း၊ မြေပဲ၊ ဝါ တို့ပဲ ပါပေမယ့် ဒီနှစ်ဆီထွက်သီးနှံနေကြာနဲ့ စားဖိုဆောင်သီးနှံ ကြက်သွန်၊ ငရုတ်နဲ့ ပဲအမျိုးမျိုးလည်း ပါဝင်ပါတယ်။ ချေးငွေထုတ်ချေးတဲ့နေရာကို အရင်နှစ်တွေက ဘဏ်မှာပဲ ထုတ်ချေး ခဲ့ပေမယ့် ဒီနှစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထက (၂) နေရာမှာ ပြောင်းရွှေ့ပြီး ငွေထုတ်ကောင်တာ နှစ်ခုဖွင့်လှစ်ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်” ဟု   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ခင်မျိုးဆွေတင် က ပြောသည်။

 

အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို မကြာမီရက်ပိုင်းအတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် တောင်သူဦးရေ ၁၀၀ ခန့်အား ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားပြီး လာရောက်ထုတ်ချေးယူသည့် တောင်သူ ၂၀၀ ဦးခန့်ရှိပါက  နံနက်တစ်ချိန်၊ မွန်းလွဲချိန်တစ်ချိန် နှစ်ပိုင်းခွဲ၍ အဆင်ပြေစွာ ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ မိတ္ထီလာမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့သည့် ချေးငွေအားလုံးကို မတ်လ ၂၆ ရက်နေ့က တောင်သူများထံမှ အားလုံးပြန်လည် ကောက်ခံရရှိခဲ့ကြောင်းလည်း မိတ္ထီလာမြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်တာဝန်သူထံက သိရသည်။

ချမ်းသာ(မိတ္ထီလာ)