ဝန်းသို
(၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အကြိုအထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှုး ဦးကျော်မျိုးသူနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီခွဲအချိန်၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ စုပေါင်းသွေးလှုဒါန်းခဲ့ကြသည်။
ဆက်လက်၍ မေ ၅က်နေ့၊ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ကညင်ကုန်း တောရကျောင်း ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှုဒါန်းခြင်း၊ လမ်းပြကြယ်ဇင် မိဘမဲ့ဂေဟာသို့ တစ်ရက်စာ အဟာရဒါနကျွေးမွေးခြင်း၊ Facality Quarantine ထားရှိသည့် အ.ထ.က(ခွဲ)-တပ်နယ်မြေတွင် တစ်ရက်စာအဟာရဒါနကျွေးမွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြို့နယ်မီးသတ် ဦးစီးမှုးဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)
ပုသိမ်
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၄)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် အမှတ်-၈ နယ်မြေ တဂေါင်းဘုရားလမ်းရှိ လေးမျက်နှာဘုန်းတော်ကြီး ကျောင်းတိုက်သို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ပိုးသတ်ဆေး ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်မြို့ ကုတင်-၅၀ဝ ဆန့် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင် အင်အား စုစုပေါင်း ၆၃ ဦး တို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးမျိုးလှိုင်ဦးက သွေးလှူဒါန်းသူများအား အာဟာရဖြည့် အစားအစာနှင့် ဆေးဝါးများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်
စစ်ကိုင်း
(၇၄)နှစ်မြောက်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့မှူးများ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် မေ(၄)ရက်၊ နံနက်(၁၀)နာရီက စစ်ကိုင်းမြို့ ခုတင်(၂၀ဝ)ဆံ့ ပြည်သူ့ဆေးရုံးကြီးသို့ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြို ဆိုဂုဏ်ပြုတဲ့အနေနဲ့ စုပေါင်းသွေးလှူဒါန်းတာပါ သန္ဓေတပ်ဖွဲ့ဝင်(၁၆)ဦး သွေးလှူဒါန်းခွင့်ရရှိခဲ့ပါတယ် နှစ်စဉ်လှူဒါန်းဖြစ်ပါတယ် အခု ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အာလမှာ လိုအပ်မဲ့သွေးကို အလွယ်တစ်ကူရရှိနိုင်အောင်လည်း လှူဒါန်းပေးတာပါ မနေ့ကလည်း ထူပါရုံမြတ်စွာ ဘုရားကြီးမှာ သန့်ရှင်းရေးတွေ ဆောင်ရွက်တယ် ပိုးသတ်ဆေးတွေ ပက်ဖျန်းပေးခဲ့ပါတယ်" ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးကျော်ကျော်နိုင်က ပြောပြ၍သိရသည်။
ဇော်မြင့်နိုင်
နမ့်ဆန်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မေ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ မီးသတ်တပ်ဖွဲ့ဝင်များတို့က စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇော်မိုးမှ ဦးဆောင်၍ တပ်ဖွဲ့ဝင်(၆)ဦးတို့က (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် အရေးပေါ်အသုံးပြုနိုင်ရန်အတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)
ပင်လည်ဘူး
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် မေ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်က ဘုရားစေတီတော်ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်သန့်ရှင်း ဆေးကြောခြင်းနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနေတိုး ဦးဆောင်ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ ပင်လည်ဘူးမြို့ မိုးကောင်းရပ်ကွက် မြို့ဦးတောရကျောင်းတိုက်ရှိ ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်အား ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်သန့်ရှင်းဆေးကြောခြင်း၊ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများအား ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)
ကျိုင်းတုံ
(၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးတွင် မေ ၃ ရက်က ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်းပေးသည့် ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ အား ပြည်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းနှင့် မြို့နယ်သွေးရာဖွေရေးတာဝန်ခံ ဒေါ်မေရီဝင်းမြင့် တို့က ကြက်ဥ၊ အဟာရပြည့် အချိုရည်နှင့် အစားအစာများ ပေးဝေခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


