မြစ်သား ၄ မေ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Covid-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ရန်ကုန်-မန္တလေး အမှတ်(၃) အဆန်ရထားမှ မြစ်သားဘူတာသို့ ဆင်းသက်သည့် ခရီးသည် အမျိုးသား (၅)ဦး၊ ရဟန်း(၂)ပါးတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးစဉ်စစ်ဆေးခြင်းများကို အသေးစိတ်စစ်ဆေး ဆောင်ရွက်ခဲ့ပြီးနောက် မြစ်သားမြို့နယ်မှ အမျိုးသား (၅)ဦးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးခဲ့ကာ ရဟန်း(၂)ပါးသည် ဒကာများထံအလှူခံ၍ သဲတော၊ မြနှင်းဆီကျောင်းတိုက်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့မှကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သတင်းတပ်ဖွဲ့တို့ပူးပေါင်း၍ မြစ်သားဘူတာတွင် ဧပြီ ၃၀ ရက် နံနက်မှစတင်ကာ ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်၊ လာရောက်သည့်ခရီးစဉ်၊ သွားရောက်မည့်ခရီးစဉ် အသေးစိတ်မေးမြန်းခြင်းများကို နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြစ်သားဘူတာသို့ ဧပြီ ၃၀ မှ မေ ၄ ရက်အထိ ရန်ကုန်-မန္တလေး အဆန်ရထားဖြင့် ဆင်းသက်သည့် ခရီးသည် (၅၂)ဦးရှိပြီဖြစ်ပြီး အဆိုပါခရီးသည်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးကာ Facility Quarantine ထားရှိဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆုမွန် (မြစ်သား ပြန်/ဆက်)


