နေပြည်တော် ၄ မေ
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင် (ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)နှင့်ပတ်သက်၍ ကော်မတီဝင်ဌာနများ၏ သဘောထားမှတ်ချက်များ၊ ဆက်စပ်ဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ၏ သဘောထား၊ အကြံပြုချက်များကို တောင်းခံခဲ့ပြီး၊ သဘောထားမှတ်ချက်များကို ကော်မတီအစည်း အဝေးများတွင် အကြိမ်ကြိမ်ဆွေးနွေးကာ လုပ်ထုံးလုပ်နည်း(မူကြမ်း)အပေါ် ပြင်ဆင်ဖြည့်စွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးချက်များ၊ သဘောထား မှတ်ချက်များပေါ်တွင် အခြေခံ၍ ပြင်ဆင်ဖြည့်စွက်မှုများအား သက်ဆိုင်ရာလုပ်ငန်းစဉ်များနှင့်အညီ အမိန့်ကြော်ငြာ စာထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စတုတ္ထအကြိမ် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးပေးကြရန်နှင့် ကော်မတီဝင်များအနေဖြင့် အကောက်ခွန်လွတ် အရောင်းဆိုင်များ၊ အရက်ချက်စက်ရုံ၊ ယစ်မျိုးလိုင်စင် ခွင့်ပြုချက်ဖြင့် ယမကာရောင်းချသည့် ဆိုင်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ တည်ငြိမ်သွားသည့်အခါ ကွင်းဆင်းလေ့လာမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စတုတ္ထအကြိမ် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်စကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


