ရန်ကုန် ၄ မေ
အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတို့ပူးပေါင်း၍ တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာသင်တန်းကို အွန်လိုင်းစနစ်ဖြင့် မေ ၄ ရက်မှ ၂၉ ရက်အထိ ပထမဆုံးအကြိမ်အဖြစ် ပို့ချလျက်ရှိသည်။
ယင်းသင်တန်းကို တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ဘာသာစကား စွမ်းရည်မြှင့်တင်ပေးရန်၊ Presentation များကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ Presentation များ၊ Workshop များ၊ Seminar များတွင် ကောင်းမွန်စွာ ပါဝင်ဆွေးနွေးနိုင်စေရန်၊ ဘာသာစကားအသုံးပြု၍ စာသင်ခန်းကို စီမံခန့်ခွဲတတ်စေရန်၊ ဆန်းစစ်နည်းမျိုးစုံဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ပို့ချခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၅ ခုနှစ်နှင့် ၎င်းနှစ်နောက်ပိုင်းတွင် ခန့်အပ်သော အင်္ဂလိပ်စာဘာသာရပ်မှ ဆရာ ဆရာမများမှအပ ကျန်ဘာသာရပ် (၂၁)ခုမှ ဆရာ၊ ဆရာမ (၉၁)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းသားများကို အခန်း(၄)ခန်းခွဲပြီး ကျောင်းသားဗဟိုပြု အပြန်အလှန်ဆွေးနွေးသည့် နည်းစနစ်ဖြင့် သင်ကြားပို့ချလျက်ရှိကာ သင်တန်းသားများအား သင်တန်းမစတင်မီလို အပ်သောညွှန်ကြားချက်များကို အီးလ်မေးဖြင့် ကြိုတင်ပေးပို့၍ သင်တန်းအကြို သိသင့်သည်များကို Orientation (၄)ကြိမ်ခွဲ၍ ပို့ချလျက်ရှိသည်။
သင်တန်းကာလမှာ (၄)ပတ် ကြာမြှင့်မည်ဖြစ်ပြီး Microsoft Teams Application ကို အသုံးပြု၍ သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းသားများသည် နေ့စဉ် (တနင်္လာနေ့မှ သောကြာနေ့အထိ) တစ်နေ့လျှင် (၃)နာရီကြာ အွန်လိုင်းစာသင်ခန်းတွင် အခြားသင်တန်းသားများနှင့်အတူ ပူးပေါင်းလေ့လာသင်ယူခွင့်ရှိပြီး နှစ်ဦးတွဲ၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်း၊ မေးခွန်းများဖြေဆိုခြင်းတို့ကို လုပ်ဆောင်ရစေမည်ဖြစ်ကာ အခြား အွန်လိုင်းတွင်ရနိုင်သော Digital Resources ကို အသုံးပြုပြီး မိမိကိုယ်တိုင် လေ့ကျင့်မှုများကိုလည်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သင်တန်းကိုအောင်မြင် ပြီးမြောက်ပြီး လိုအပ်သောအရည်အချင်းပြည့်မီသည့် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်မည်ဖြစ်ကြောင်း၊ နောင်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ အင်္ဂလိပ်စာဆရာ၊ ဆရာမ မဟုတ်သည့် ဆရာ၊ ဆရာမများအတွက် အလားတူ အွန်လိုင်းသင်တန်းများကို ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မရီရီမြင့်


