၅ မေ
ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်နေရသည့် ပြိုင်ပွဲက ပွဲသိမ်းခရာ မမှုတ်သေးပါ။ “မပေါ့ကြရန်နှင့် လုံးဝစိတ်ချရသည့် အခြေအနေက ဝေးသေးကြောင်း” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယမန်နေ့ ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းစကားပါးခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အသစ်ထပ်မံမတွေ့ရှိ ခဲ့ရသည့်ရက် နှစ်ရက်ခန့် ဖြစ်ပေါ်ခဲ့ပြီးနောက် လဆန်းရက်လည်း ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့တွင်း၌ လှုပ်လှုပ်ရှားရှား သွားသွားလာလာနှင့် ပြန်လည်စည်ကားလာသည့်အပေါ် စိုးရိမ်မှုများစွာလည်း ပြည်သူလူထုအတွင်း ထွက်ပေါ်လာသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေသည့် ကိုဗစ်-၁၉ ရောဂါမှာ လူတို့ ယခင်က ကြုံတွေ့ခဲ့ရဖူးခြင်း မရှိသေးသည့် ရောဂါအသစ် ဖြစ်နေသည်။ ရောဂါအသစ်အဆန်း ဖြစ်နေသည့်အတွက် ကုထုံး လည်း မရှိ၊ ဆေးဝါးလည်းမရှိသေး။ ကာကွယ်နိုင်သည့်ဆေးလည်း ထွက်ပေါ်မလာသေးသည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ကလည်း နားလည်ရ ခက်လောက်အောင် မာယာများသည်ဟုကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်တို့က ပြောကြားသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဓာတ်ခွဲခန်း အတည်ပြုလူနာများ၏ ၅၇ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြသူများ ဖြစ်သည်။ ရောဂါကူးစက်ခံရမှန်းပင် မိမိကိုယ်ကိုယ် မသိနိုင်ဘဲ ပုံမှန်သွားလာနေရင်း နောက်ထပ် ဘယ်နှဦးကို ကူးစက်စေခဲ့ပြီလဲကို မည်သူမျှပင် မသိနိုင်။ ထို့အပြင် ရောဂါပျောက်ကင်းပြီး၍ ဆေးရုံမှဆင်းသွားပြီးနောက် ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့မှု၊ အကြိမ်ကြိမ်ဆေးစစ်ရာတွင် ရောဂါပိုးပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေမှု စသည်တို့က ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ထူးခြားချက်များပင် ဖြစ်သည်။
ရောဂါလက္ခဏာပြသသူများတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း၏ လက္ခဏာများမှာ ပြောင်းလဲမှုများ ရှိခဲ့သလို အသစ်ထပ်မံတွေ့ရှိမှုများလည်း ရှိသည်ဟု သတင်းများတွင် တွေ့ရှိရသည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရခြင်း၏ ရောဂါ လက္ခဏာများမှာ ကိုယ်ပူ၍ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူမဝခြင်း၊ အားအင်ကုန်ခန်းနွမ်းနယ် ခြင်း၊ အနံ့အရသာ မခံစားရခြင်း၊ မျက်စိနာခြင်း၊ ဗိုက်အောင့် ဝမ်းလျှောခြင်း စသည့်လက္ခဏာများ ပြသမှုရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံး၊ လူနေအထူထပ်ဆုံးနှင့် စက်ရုံ အလုပ်ရုံ အများဆုံးတည်ရှိရာ စီးပွားရေးဒေသကြီးဖြစ်သလို ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံး နှင့်သေဆုံးသူ အများဆုံးလည်း ဖြစ်နေသည်။ ရောဂါကူးစက်ပြန့်ပွားမှု ကို ထိန်းချုပ်ရန်အတွက် အသွားအလာကန့်သတ်မှုများ၊ မိမိအိမ် တွင် နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားမှုများ ကလည်း ကာလရှည်ကြာလာသည်နှင့်အမျှ ငြီးငွေ့မှု၊ စိတ်ဖိစီးမှုတို့ ဖြစ်ပေါ်လာကြဖွယ်ရာ ရှိသည့်အလျောက် အပြင်သို့ထွက်သူများ တစ်စထက်တစ်စ များလာဖွယ်ရာရှိနေသကဲ့သို့ ဝမ်းစာရေးအတွက် မဖြစ်မနေ ထွက်ကြရမှာကလည်း ရှိနေသည်။
တစ်ဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံများမှ သောင်းနှင့်ချီ၍ ပြန်လည်ဝင်ရောက်လာမည့် အခြေအနေများ၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ရတော့မည့် အခြေအနေများနှင့်အတူ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်များ ပြန်လည်လည်ပတ်လာမည့် အခြေအနေများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြီးကြီးမားမား ဖြစ်ပေါ်စေပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများအပေါ် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ် စေနိုင်မည့် အန္တရာယ်သို့ ကျရောက်သွားနိုင်သည်ဟု အထူးဂရုပြု ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေးကြားထဲ၊ လူထုကြားထဲတွင် ကိုယ်ယောင်ဖျောက်နေဆဲ ဖြစ်သည်။ အချိန်မရွေး ဘွားခနဲ ပေါ်လာနိုင်သည့် အခြေအနေနှင့် အန္တရာယ်ကြီးကြီးမားမား ဖြစ်ပေါ်နိုင်သည့်အခြေအနေမှ မိမိတို့ မလွတ်မြောက်သေး။ လက်ကို မကြာခဏ ဆပ်ပြာဖြင့် သန့်စင်အောင်ဆေးကြောရန်၊ တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေရန်၊ ပါးစပ်နှာခေါင်းစည်းကို အပြင်သွားတိုင်း တပ်ဆင်ရန်ဆိုသည့် အခြေခံအကျဆုံး အချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကိုယ်ရော သူတစ်ပါးကိုပါ ကာကွယ်ကြရမည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း