၅  မေ

ရှေးအခါက မြတ်စွာဘုရားရှင်သည် ချစ်သား သောဏတိဿအား အကျင့်ဖြင့် လွန်လေသည်ဟု မိန့်တော်မူကာ "သောဏတိဿ သင်သည် ရှေးလူဝတ်ဖြင့်နေစဉ် အဘယ်အတတ်ကို တတ်သနည်း " ဟု မေးတော်မူ၏။ သောဏတိဿက " အရှင်ဘုရား တပည့်တော်သည် ရှေးလူဝတ်ဖြင့်နေစဉ် စောင်းအတတ်ကို တတ်ပါသည်"ဟု လျှောက်ထား၏။ ဘုရားရှင်က သောဏတိဿမထေရ်အား "စောင်းကို တင်းတင်းတီးခြင်း၊ လျော့လျော့ တီးခြင်းတို့တွင် မည်သည့်တီးခြင်းတို့က သာယာသောအသံကို ဖြစ်စေသနည်း"ဟု မေးတော်မူ၏။ သောဏတိဿမထေရ်က "မလျော့မတင်း တီးခြင်းက သာယာနာပျော်ဖွယ်သော အသံကို ဖြစ်စေပါသည်" ဟု လျှောက် ကြားသည်။

ဘုရားရှင်က "ချစ်သား ဤစောင်းဥပမာကဲ့သို့ အကျင့်ကို မလျော့မတင်း၊ မပြင်းမညံ့ ဖြည့်ကျင့်လော့"ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားရှင်၏ ဤအဆုံးအမနှင့်အညီ အမှုကိစ္စတို့ကိုလုပ်ကိုင်ဆောင်ရွက်ရာ၌ မလျော့မတင်း၊ မပြင်းမညံ့ ကျင့်ကြံလုပ်ကိုင်ဆောင်ရွက်ခြင်းသည် စိတ်နှလုံး ချမ်းမြေ့ဖွယ် ဖြစ်စေသည်။ လျော့လွန်းလျှင်လည်း အလုပ်မဖြစ်၊ တင်းလွန်းလျှင်လည်း ပြတ်သည့်အဖြစ်မျိုးမဖြစ်အောင် မြန်မာမှုနယ်ပယ်၌ လုပ်ကိုင် ဆောင်ရွက်ခြင်းသည်သာလျှင် အသင့်လျော်ဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော ရောဂါကပ်ဘေးနှင့် အတူ စိန်ခေါ်မှုအမျိုးမျိုးတို့ကို တွေ့ဆုံရင်ဆိုင်ကျော်လွှားနေကြသည်။ ရောဂါကပ်ဘေးကို ရင်ဆိုင်ကျော်လွှား ဖြေရှင်းဆောင်ရွက်ကြရာ၌ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ လူမှုဘဝအခြေအနေများအပေါ် မူတည်၍ မလျော့မတင်း၊ မပြင်းမညံ့ သတိကပ်ကာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ စည်းကမ်း၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် တို့ကို ထုတ်ပြန်ဆော်ဩအသိပေးပြီး လိုက်နာခြင်းမရှိမှသာ အရေးယူ ကိုင်တွယ်ခြင်းပြုကြသည်။

အထူးသဖြင့် ပြည်သူသည်သာ အဓိကဖြစ်၍ ပြည်သူများက အသိ တရားဖြင့် မပြင်းမညံ့ လိုက်နာဆောင်ရွက်စေအောင် စေ့ဆော်ပေးသည်။ လိုက်နာလာအောင် တိုက်တွန်းနှိုးဆော်ပေးသည်။ ဤသို့ မလျော့မတင်း ဆောင်ရွက်ခြင်းဖြင့် ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် သင့်တင့်သည့် အခြေအနေကောင်း တစ်ရပ်အဖြစ် ရရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအားလုံး ကပ်ရောဂါဘေးကို ရင်ဆိုင်ကြုံတွေ့ နေရသည်။ သူ့နိုင်ငံ၊ သူ့သဘာဝ၊ သူ့အနေအထားဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနေကြသည်။ ပြင်းပြင်းထန်ထန် ဆောင်ရွက်နေသည့် နိုင်ငံများရှိသလို၊ မလျော့မတင်းဆောင်ရွက်နေသည့် နိုင်ငံများလည်းရှိသည်။ မည်သည့်နိုင်ငံတွင် မည်သည့်အခြေအနေရှိ၍ မည်သို့လုပ်ကိုင်ဆောင်ရွက်နေသည်ကို လေ့လာကြည့်နိုင်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် အခြေအနေကောင်းသော ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့နှင့်အတူ မြန်မာနိုင်ငံ ပါဝင်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် လာအိုနိုင်ငံသည် အခြေအနေ အကောင်းဆုံးဖြစ်သည်။ သံသယလူနာ ၂၁၈၄ ဦး၊ ရောဂါဖြစ်ပွားသူ ၁၉ ဦး၊ ပြန်လည်ကျန်းမာလာသူ ကိုးဦးနှင့် အသက်သေဆုံးသူမရှိပေ။ နိုင်ငံအများစုသည် ရောဂါနှင့်ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကြသည်များသည်။ အကျိုးရလဒ်မှာ ထိုသို့ ကိုင်တွယ်သဖြင့် အခြေအနေကောင်းသော နိုင်ငံများလည်းရှိသလို အခြေအနေမကောင်းသေးသော နိုင်ငံများလည်း ရှိသည်။ မြန်မာနိုင်ငံသည် မလျော့မတင်း၊ မပြင်းမညံ့ဆောင်ရွက်ခြင်းဖြင့် သင့်တင့်ပေသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ၏ လူဦးရေ၊ မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထား၊ မြန်မာနိုင်ငံ မြန်မာလူမျိုးများ၏ ဓလေ့စရိုက်၊ မြန်မာလူမျိုးများ၏ ကိုယ်ခံစွမ်းအား၊ မြန်မာ လူမျိုးများ၏ လူမှုစီးပွားဘဝ အခြေအနေများအရ မလျော့မတင်း စောင်းကြိုးညင်းသကဲ့သို့ မပြင်းမညံ့သည့် အသိတရားဖြင့် သတိထားဆင်ခြင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လျော်ကန်သင့်မြတ်သည်ဟု ရှုမြင်ပါသည်။ ။

ကြေးမုံ