တိုကျို  ၅  မေ

ကိုဗစ် -၁၉ ကြောင့် ဒုက္ခရောက်နေရသည့် အင်ဒိုနီးရှား သင်္ဘောအမှုထမ်းများသည် ရောဂါကူးစက်ခံရခြင်း ရှိ မရှိ စစ်ဆေးပြီးနောက် ရောဂါပိုးမရှိဟု အဖြေထွက်ခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ခွင့်ရသွားပြီဖြစ်သည်။

မေ ၃ ရက်တွင် ကိုစတာအက်တလန်တီကာ သင်္ဘောပေါ်မှ အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၄၄ ဦးတို့သည် နေရပ်ပြန်ခွင့် ရရှိသွားပြီဖြစ်သည်။ အဆိုပါသင်္ဘောသည် ယခုအခါ ဂျပန်နိုင်ငံအနောက်ပိုင်း နာဂါဆာကီရှိ သင်္ဘောကျင်းတွင် ရပ်နားထားသည်။ ၎င်းတို့သည် ဂျကာတာမြို့သို့ ပြန်သွားကြပြီဖြစ်သည်။

လွန်ခဲ့သည့်လအတွင်းက အဆိုပါ သင်္ဘောပေါ်တွင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း တွေ့ရှိပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် သင်္ဘောအမှုထမ်းများကို ပြန်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

သင်္ဘောအမှုထမ်း ၆၂၃ ဦးကို ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးခဲ့ပြီး လူပေါင်း ၁၄၈ ဦးတွင် ကူးစက်ခံထားရကြောင်း တွေ့ရသည်။ ကျန်ရှိနေသည့် နိုင်ငံပေါင်း ၃၀ မှ လူများကိုလည်း ခရီးသွားလာခွင့် စီစဉ်ပေးပြီးသည့် နောက်ပိုင်းတွင် နေရပ်ပြန်ခွင့်ပြုမည်ဟု နာဂါဆာကီစီရင်စုမှ အရာရှိတစ်ဦးက ပြောသည်။

အီတလီ မှတ်ပုံတင်ထားသည့် အဆိုပါသင်္ဘောသည် မစ်ဆူဘီရှီ အကြီးစားစက်ရုံတွင် ယခုလအစောပိုင်းက ပြင်ဆင်မှုများလုပ်ဆောင်ရန် ဆိုက်ကပ်ထားခြင်းဖြစ်သည်။

အင်န်အိတ်ချ်ကေ