ဟားခါး ၅ မေ
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ကို မေ ၄ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂၃) ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(ကြည်း ၄၈၁၈၀) ဗိုလ်ကြီးခိုင်လွင်ထူးက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ချင်းပြည်နယ်၏ ၂၀၂၀−၂၀၂၁ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ချင်းပြည်နယ် ဒေသန္တရ စီမံကိန်း အဆိုပြုချက်ကို လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။
ယင်းနောက် အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့က ယနေ့အစည်းအဝေး နံနက်ပိုင်းတွင် တင်သွင်းသည့် ၂၀၂၀−၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ချင်းပြည်နယ် ဒေသန္တရ စီမံကိန်း အဆိုပြုချက်အပေါ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းက ဆွေးနွေးပြီး ချင်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့ဉက္ကဋ္ဌ ဦးရာနှင်က ပြည်သူ့ငွေစာရင်းအဖွဲ့၏ စိစစ်တွေ့ရှိချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆွေးနွေးချက်အပေါ် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ပြန်လည် ရှင်းလင်းပြီး ပြည်နယ်လွှတ်တော်က အတည်ပြုခြင်းဆောင်ရွက်ကာ ဒုတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)ကို မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)