ဟားခါး ၅ မေ
၂၀၂၀ ပြည့်နှစ် မေလ(၅)ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် ချင်းပြည်နယ် မီးသတ်ဦးစီးဌာန၊ ခေတ္တပြည်နယ်မှူး ဦးကျော်ကျော် ဦးဆောင်လျက် ဟားခါးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွေး၊ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီးအတွက် လိုအပ်လျက်ရှိသော သွေးလှူခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့ ပြည်သူ့ ဆေးရုံကြီးအတွက် စုပေါင်းသွေးလှူဒါန်းကြရာ ဟားခါးမြို့ဆေးရုံးကြီးမှ သမားတော်ကြီးနှင့်ဆရာ၊ ဆရာမများက လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးကုသဆောင်များ၊ ဝန်ထမ်း နားနေဆောင်များနှင့် ဆေးရုံပြင်ပ ကားပါကင်၊ဆိုင်ကယ်ပါကင်ထားရှိရာနေရာများနှင့် ဆေးရုံ အဝင်ဝလမ်း တစ်လျှောက်တို့အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ဗျူဟာ အဖွဲ့အခြေချ(ဟားခါး)မှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


