မယ်စဲ့ ၅ မေ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ယနေ့နံနက်၉နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ်တည်ဆောက်ရေး နှင့်အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် မိုးထက်လမင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် ၄ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ ငွေနှင်းတောင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် မန်းဘခိုင်လမ်း အရှည် ၆၆၆ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် မြို့ကွက်လမ်း အရှည် ၆၂၉၈ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ဘုန်းပြည့်မင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် မြို့ပတ်လမ်း အရှည်ပေ ၂၉၉၀၊ အကျယ် ၁၂ ပေ ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်း၊ ရွှေရည်ဝင်းလျှံကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေသည့် နမ့်မန်းကျေးရွာ ရွာတွင်းလမ်း အရှည်ပေ ၃၃၀ဝ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း၊ မြတ်လင်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေသည့် မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်း အရှည် ၂/၄ ဒသမ ၉၁ မိုင်အား မူလအကျယ် ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်း ချဲ့ခြင်းလုပ်ငန်း၊ သုဟန်စီ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဟိုစဲ့ကျေးရွာ ခန်းမဆောင်မှ တောင်ပေါ်စေတီသွား လမ်းပေါ်ရှိ ၂၅ ပေ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်း၊ ရွှေထက်ထူးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မူလွန်(ဟိုဂျစ်) ကျောင်းဆောင်သစ် (၉၀x၃၀)ပေ RC တစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်ကာလအတွင်း လုပ်ငန်းခွင်မှ အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


