ချင်းရွှေဟော် ၅ မေ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူရွှေ့ပြောင်း အလုပ်သမားများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ထိုသို့ ဝင်ရောက်လာသော နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများကို ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့မှ ချင်းရွှေ့ဟော်နယ်စပ်ဂိတ်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါလက္ခဏာရှိ/မရှိကျန်း မာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေသန့်ဘူးများ ဝေငှပေးခြင်း၊ စနစ်တကျ လက်ဆေးနိုင်ရန် လက်ဆေးစင်များနှင့် လက်သန့်ဆေးရည်များ ထားရှိပေးခြင်းများနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ စီစဉ်ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်မြို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ စီစဉ်ပို့ဆောင် ပေးလျက်ရှိရာတွင် ယနေ့အထိ အမျိုးသား (၉၄၇)ဉီးနှင့် အမျိုးသမီး (၆၃၂)ဉီးတို့ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၁၆)ဉီး၊ မန္တလေးတိုင်း ဒေသကြီးမှ (၂၉၅)ဉီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ (၂၂၉)ဉီး၊ပဲခူးတိုင်းဒေသကြီးမှ(၂၃၆)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၄၉၃)ဉီး၊ ဧရာဝတီတိုင်း ဒေသကြီးမှ (၄၈)ဉီး၊ ကချင်ပြည်နယ်မှ (၁၃)ဉီး၊ ချင်းပြည်နယ်မှ (၂၄)ဉီး၊ ရှမ်းပြည်နယ်မှ (၁၉၅)ဉီး ၊ မွန်ပြည်နယ်မှ (၁)ဉီး ၊ရခိုင်ပြည်နယ်မှ (၁၄)ဉီး နှင့် နေပြည်တော်မှ(၁၅)ဉီး စုစုပေါင်း နေရပ်ပြန် ရွှေ့ပြောင်း အလုပ်သမား (၁၅၇၉)ဉီးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ချင်းရွှေဟော် ပြန်/ဆက်)


