စဉ့်ကိုင် ၅ ဧပြီ
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၆၂ ခုကို ဧပြီ ၁၈ ရက်မှ ၃၀ ရက်အထိ စစ်ဆေးခဲ့ရာ A အဆင့်ရရှိသော စက်ရုံ အလုပ်ရုံ ၄၁ ခုသည် မေလ ၆ ရက်မှစတင်ကာ လည်ပတ်ခွင့် ရရှိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ်(၂)မှ ဦးလှိုင်၀င်း ကပြောသည်။
စက်ရုံများကို လွတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုတွင် B အဆင့် ၁၃ ခုနှင့် C အဆင့် ၇ ခု စက်ရုံအလုပ်ရုံများသည် ၁၄ ရက်တွင်း လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးပါက ပြန်လည်စစ်ဆေးကာ တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် လည်ပတ်ခွင့်ရရှိမည်ဟုသိရသည်။
“အဓိကစစ်ဆေးတာက ကျန်းမာရေးလုပ်ဆောင်မှုပါ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေ ရှိတယ်။ B နဲ့ C အဆင့်တွေက စံသတ်မှတ်ချက်တွေကို ဒီ ၁၄ ရက်တွင်းမှ ကိုက်ညီအောင် ပြန်လည်လုပ်ဆောင်ပေးရမယ်။ ပြီးရင် စစ်ဆေးရေးအဖွဲ့က ပြန်လည်စစ်ဆေးပြီးတော့ တိုင်းအစိုးရထံ ဆက်လက်တင်ပြပါမယ်။ ဆိုလိုတာက အချိန်မကြာပါဘူး။ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ရင် ဖွင့်ခွင့်အမြန်ရမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ် (၂)မှ ဦးလှိုင်၀င်း ကပြောသည်။
စစ်ဆေးမှုများအရ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့် ကိုက်ညီမှုရှိ မရှိကို စက်ရုံအလုပ်ရုံများအား အဆင့် သုံးဆင့်ခွဲခြားရာ၌ A အဆင့် ၄၁ ခု၊ B အဆင့် ၁၃ ခုနှင့် C အဆင့် ၇ ခုနှင့် အဆင့်သတ်မှတ်မရသော စက်ရုံ ၁ ခု၊ ပေါင်း ၆၂ ခု ရှိကြောင်း သိရသည်။
စစ်ဆေးခဲ့သည့် စက်ရုံများတွင် ကွန်ကရစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ ဆိုင်ကယ်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ရေသန့်စက်ရုံ မွေးမြူရေး အစာတောင့်စက်ရုံ၊ အိမ်သုတ်ဆေးစက်ရုံ၊ ကော်စေ့စက်ရုံ၊ သံရည်ကျိုစက်ရုံ၊ ဂျယ်လီစက်ရုံ၊ ဆေးပစ္စည်းစက်ရုံ၊ ပလပ်စတစ်တံဆိပ်ရိုက်စက်ရုံ၊ ဖော့ပုံးစက်ရုံ၊ ချည်ဆေးဆိုးစက်ရုံ၊ ရေနံဆီချက်စက်ရုံ၊ အမွေးတိုင်နှင့် စက္ကူစက်ရုံ၊ အချိုရည်စက်ရုံနှင့် ကြာဇံ စက်ရုံတို့ဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေးစက်မှုဇုံတွင်လည်း ဌာနဆိုင်ရာနှင့် စက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီ ပါ၀င်သော စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့ ၇ ဖွဲ့ခွဲ၍ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းအတွင်း ဧပြီ ၂၈ ရက်အထိ စက်ရုံအလုပ်ရုံပေါင်း ၃၃၉ ခု စစ်ဆေးပြီး နောက် စက်ရုံ အလုပ်ရုံ ၂၈၀ ကို လည်ပတ်ခွင့် ပြုခဲ့ကြောင်းသိရသည်။
မေသက်ထား


