ရန်ကုန် ၅ မေ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်နေရာများတွင် ရောဂါပိုးတွေ့ရှိသည့် လူနာများအား ကိုဗစ်ကျန်းမာရေးစင်တာ (ဖောင်ကြီး) သို့ လျှင်မြန်စွာ ပို့ဆောင်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်မောင်းများ၊ ယာဉ်များဖြင့် ၂၄ နာရီ အသင့်ထားရှိကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှသိရသည်။
“ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ဆေးရုံတွေက ရောဂါပိုးတွေ့တဲ့လူနာ၊ Quarantine Center တွေက ရောဂါပိုးတွေ့တဲ့ လူနာတွေကို ဖောင်ကြီးက ကျန်းမာရေးစင်တာကို ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့က လူနာယာဉ်နဲ့ ပို့ဆောင်ပေးမှာပါ။ ရန်ကုန်မြို့ အရှေ့ပိုင်းလမ်းကြောင်းက အရှေ့ပိုင်းဆေးရုံ၊ တညင်ဆေးရုံ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပဆေးရုံ၊ အနောက်ပိုင်းလမ်းကြောင်းက ရန်ကုန်ဆေးရုံသစ်ကြီး၊ အနောက်ပိုင်းဆေးရုံ၊ အင်းစိန်ဆေးရုံနဲ့ လှိုင်သာယာဆေးရုံ၊ ပြီးတော့ Quarantine Center တွေမှာ ရောဂါပိုးတွေ့တဲ့ လူနာတွေကို ဖောင်ကြီး ကျန်းမာရေးစင်တာကို ၂၄ နာရီ ပို့ဆောင်ပေးသွားမှာပါ။ ဖောင်ကြီး ကျန်းမာရေးစင်တာက အသင့်ဖြစ်နေပါပြီ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများအနေဖြင့် ယခင်က အရေးပေါ်အခြေအနေများ ကြုံတွေ့ခဲ့ပြီး ဖြစ်သော်လည်း PPE ဝတ်စုံကိုဝတ်ဆင်ပြီး ပူပြင်းသော ရာသီဥတုတွင် လူနာကို သယ်ယူ၊ ပို့ဆောင်ရာ၌ စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့လာဖွယ်ရှိသည့်အပြင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း ကြီးမားသော အခက်အခဲများလည်း ရှိနေကြောင်း ဒေါက်တာမော်မော်ဦးက ဖြည့်စွက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ (၄၄) မြို့နယ်တွင် အရေးပေါ်လူနာတင်ယာဉ် (၃၀၀) ကျော်ရှိပြီး လူမှုကယ်ဆယ်ရေး အင်အား (၈၀၀) ကျော်ရှိရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း ၂၄ နာရီ လူနာပို့ဆောင်နိုင်ရန် ယာဉ်မောင်း (၅) ဦးနှင့် လူနာပို့ဆောင်သူ (၉) ဦး အသင့်ထားရှိကြောင်း၊ ဖောင်ကြီးကျန်းမာရေးစင်တာသို့ လူနာပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန် ကွင်းဆင်းလေ့ကျင့်မှုများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“လူနာပို့ဆောင်ဖို့အတွက် အားလုံးကြိုတင်ပြင်ဆင်ထားပြီးသားဆိုတော့ အဆင်ပြေပါတယ်။ တစ်ဆိုင်းကို (၇) ဦးနဲ့ နှစ်ဆိုင်းထားပါတယ်။ ပရဟိတ ညီအကိုတွေ ပူးပေါင်းဆောင်ရွက်မှုကို အားရမှုလည်းရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနက တာဝန်ပေးပြီး တရားဝင် ဆောင်ရွက်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူတယ်။ ပရဟိတလုပ်ငန်းမှာ မှတ်တမ်းတစ်ခုအဖြစ်လည်း ကျန်ခဲ့မှာပါ။ အဖွဲ့တွေအားလုံးကိုလည်း လေးစားပါတယ်” ဟု ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသန်းကပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးပညာဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မတ်လ (၃၀) ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖောင်ကြီးကျန်းမာရေး စောင့်ရှောက်မှုစင်တာသို့ ရောဂါပိုးတွေ့ရှိသည့် လူနာများ ပို့ဆောင်နိုင်ရန် အရေးပေါ်ဆေးပညာဌာနမှ ဆရာဝန်ကြီးများ သင်ကြားပြသထားအတိုင်း ပို့ဆောင်ရန် အသင့်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - သန်းစိုး - သန်းထိုက်


