ဟားခါး ၅ မေ
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ကျေးလက်နေပြည်သူများနှင့် အခြေခံလူတန်းစားများအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးနိုင်ရေး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (ဟားခါး) တို့ ပူးပေါင်း၍ အိမ်တွင်းမှု သင်တန်းကျောင်း သင်တန်းခန်းမ၌ နှာခေါင်းစည်း (Mask) များ ချုပ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း(Mask) များကို ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်အတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (ဟားခါး) မှ သင်တန်းနည်းပြဆရာ၊ ဆရာမများက ဧပြီ (၄) ရက်မှ စတင်၍ ချုပ်လုပ်လျက်ရှိပြီး (၃) လွှာပါ ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော နှာခေါင်းစည်း (Mask) များဖြစ်သည်။ အဆိုပါ နှာခေါင်းစည်းများကို အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အသုံးပြုရန်အတွက် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


