မြင်းခြံ ၅ မတ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်ပိုင်းက အခြေခံ လူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများသို့ မန္တလေးမြို့နေ ဦးထီးနှင့်ဒေါ်မြ (မြနန်းတော် မိသားစု) က စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကာလအတွင်း စားဝတ်နေရေး အခက်အခဲမရှိစေရန်အတွက် အမှတ် (၁၆) ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စု ၈၀၀ အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်ဉ ၁၀ လုံး စုစုပေါင်း ပစ္စည်းသုံးမျိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် အလှူရှင် ဦးထီးနှင့်ဒေါ်မြ (မြနန်းတော် မိသားစု)တို့မှ ပေးအပ်လှူဒါန်းခဲ့သည်။
ထောက်ပံ့လှူဒါန်းရာ နေရာသို့ လူစုလူဝေး မဖြစ်ပွားစေရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူတစ်ဦးနှင့် တစ်ဦး ပူးကပ်မှုမရှိစေဘဲ စနစ်တကျ နေရာသတ်မှတ်ထားပေးခြင်း၊ နှာခေါင်းစည်းတပ်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုကျော်စွာ(IPRD)


