မုဒုံ ၅  မေ      

 

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ ကန်ကြီးစေတီတော် ပရဝုဏ်အတွင်း ကဆုန်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓနေ့ အခမ်းအနားနှင့် ကဆုန်လ ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်မည် မဟုတ်ဘဲ  စေတီပရဝုဏ်အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

 

ကန်ကြီးစေတီတော်၏ သြဝါဒစရိယဆရာတော် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်ရှိ ဓမ္မဒူတ စာသင်တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တကောသလ္လ၏ မိန့်ကြားချက်ဖြင့် ကဆုန်လပြည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်သည့်အနေဖြင့် ကန်ကြီးစေတီတော် ပရဝုဏ်အား (၁) ရက်ပိတ်ထားမည်ဖြစ်ပြီး ကန်ပတ်လမ်း တစ်လျောက်တွင် ကန်ကြီးစေတီ လုံခြုံရေးအဖွဲ့များဖြင့် စောင့်ကြပ်တာဝန်ယူသွားမည်ဖြစ်သည်၊၊

 

ထို့နောက် မေ ၇ ရက်နေ့ နံနက် (၅)နာရီမှ စတင်၍ အများပြည်သူ ဘုရားဖူးမြော်နိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ထားမည်ဖြစ်ပြီး နေ့စဉ် နံနက် (၅) နာရီမှ ည(၉)နာရီ အချိန်အထိ ပြန်လည် ဖူးမြော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆံတော်ရှင် ကန်ကြီးစေတီတော်ဂေါပက အဖွဲ့မှသိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)