ထန်းတပင် ၅ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရေးအတွက် မြစိမ်းရောင်အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေများကို မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား ထုတ်ချေးပေးလျက်ရှိပြီး အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေများ ပေးအပ်ရာတွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းက ကလိန်ကျေးရွာနေ ပြည်သူ (၁၉၄) ဦးတို့အား မြစိမ်းရောင် အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) နှင့် အတိုးရငွေကျပ် (၂၁၉) သိန်းတို့ကို ပြန်လည်ထုတ်ချေးပေးခဲ့ရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ်ဦးစီးမှူး ဦးအေးနိုင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကာ မြစိမ်းရောင် ကျေးရွာ စီမံကိန်းကော်မတီဝင်များက အိမ်တိုင်ရာရောက် ထုတ်ချေးငွေများကို လိုက်လံပေးအပ်ခဲ့ကြ ကြောင်းသိရသည်။
“ မြစိမ်းရောင်စီမံကိန်း ချေးငွေကိုတော့ အတိုးနှုန်းကို ပြားငါးဆယ်ကနေ တစ်ကျပ်ခွဲအထိ သတ်မှတ်ထားတယ်။ ဒါပေ့မယ် အခု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလမှာ ကျေးလက်နေပြည်သူတွေ အခက်အခဲမတွေ့စေဖို့ ၂၀၂၀ ခုနှစ်၊ ဧပြီလကနေစပြီးတော့ အတိုးနှုန်းကို ပြားငါးဆယ်နှုန်းနဲ့သာ ကောက်ခံသွားဖို့ သတ်မှတ်ထားပါတယ်။ နောက်ပြီး ရောဂါကူးစက်ပြန့်နှံမှု မရှိစေရေးအတွက်လည်း ပြန်လည်ထုတ်ချေးငွေကို စနစ်တကျထုတ်ပိုးပြီးတော့ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နေပါတယ်။” ဟု မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က လက်ရှိချေးငွေ ပြန်လည်ထုတ်ချေးပေးနေမှု အခြေအနေများကို ရှင်းပြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


