နေပြည်တော်   ၅ မေ 

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၄/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်တာများကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် ၂၀၂၀ ပြည့်နှစ် မတ် ၂၉  ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်ပါရှိသည့် အကျုံးဝင်ရမည့် အချက်များနှင့်အညီစိစစ်၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးလျက်ရှိပါကြောင်း၊  တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှလည်း အခွန်ကောက်ခံမှုများ၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ဖြေလျော့မှုများ ဆောင်ရွက်ပေးခြင်း၊  ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ လိုင်စင်ကြေးကောက်ခံမှုများတွင် အချို့အား ကင်းလွတ်ခွင့်ပြုခြင်း၊  နိုင်ငံပိုင် ဟိုတယ်ငှားရမ်းခများ ရွှေ့ဆိုင်းပေးခြင်း၊ ဗဟိုဘဏ်ကလည်း ဘဏ်တိုးနှုန်းများ ပြင်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအစည်းအဝေး တွင် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များနှင့် ချေးငွေ ထုတ်ပေးနိုင်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အတည်ပြုရန် ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ တက်ရောက်လာသူများက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ဆောလျင်စွာ ထုတ်ပေးနိုင်ရေး နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကြောင့် အခက်အခဲဖြစ်ပေါ်နေသော အခြားပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့များက တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ရန်ပုံငွေ မှ ချေးငွေတတိယအသုတ်အဖြစ် လုပ်ငန်း ၁၁၃ ခုကို တန်ဖိုးငွေကျပ် (၃ ဒသမ ၅၉၉၆ ) ဘီလီယံအား ထုတ်ပေးနိုင်ရေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်