နေပြည်တော် ၅ မေ
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ကဏ္ဍများတွင် ဖြစ်နိုင်ခြေရှိသည့် ထိခိုက်မှုများနှင့် ပြန်လည်ကုစားပေးရမည့် အစီအစဉ်များ ဆောင်ရွက်နိုင်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့်အတူ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ အသိပညာပေးခြင်း၊ ဝင်ငွေဆုံးရှုံးသွားသည့် လယ်သမား များအား မိုးရာသီအမီစိုက်ပျိုးနိုင်ရန် ငွေကြေးထောက်ပံ့ခြင်း၊ ချေးငှားခြင်း၊ ထုတ်လုပ်မှုနှင့် စျေးကွက် ရှာဖွေမှုအတွက် အကြံဉာဏ်ပေးခြင်း၊ Cash for Work အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းကော်မတီ အောက်တွင်ပါဝင်သည့် ဦးစီးဌာနများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများတွင် ကာလတို၊ ကာလရှည် ပိုင်းခြားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကူးစက်ရောဂါထိန်းချုပ်နိုင်ပြီး နောက်ပိုင်းကာလများ တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန်၊ စိုက်ပျိုးရေးအခြေခံ အသေးစား၊ အလတ်စား စီးပွားရေးရေးလုပ်ငန်းများတွင် အလုပ်အကိုင် ဖန်တီးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်းသက်သာ စေရေး၊ ဒေသအလိုက် မတူညီနိုင်သည့် အခြေအနေအရပ်ရပ်အပေါ် ပိုင်းခြားသုံးသပ်ပြီး တစ်ပြေးညီ အောင်မြင်စွာဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်များက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် လက်ရှိကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးကာလနှင့် ပြန်လည်ထူထောင်ရေး ကာလများ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ထွက်ရှိလာ မည့် ထုတ်ကုန်များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်း များနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ အသက်မွေး ဝမ်းကျောင်းလူပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေး အစီအမံများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်က လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


