နေပြည်တော်   ၅  မေ

 

မိုးရာသီကာလတွင် အဖြစ်များသောရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစီမံချက်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရေး Video Conferencing အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 

အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်စဉ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်နေသော်လည်း အခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး အတွက်ကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ မိုးရာသီကာလကို ကျရောက်တော့မည်ဖြစ်သဖြင့် သွေးလွန် တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ချီကန်ဂန်ညာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျား ရောဂါ၊ အသည်းရောင် အသားဝါ အေနှင့် အီး၊ ဂျပန်ဦး နှောက်အမြှေးရောင်ရောဂါ၊ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အပါအဝင် မိုးရာသီ၌ အဖြစ်များသော အခြားရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်ရေး ကြိုတင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရရှိထားသော စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါ သည် မြန်မာနိုင်ငံ၌ (၂၀၁၇) ၊ (၂၀၁၈) နှင့် (၂၀၁၉) ခုနှစ်တွင် စုစုပေါင်း (၈) သောင်းခန့် ဖြစ်ပွားပြီး၊ (၄၅၀) ဦးခန့် သေဆုံး သည်ကို တွေ့ရပါကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါသည် ယခုဖြစ်ပွားနေသည့် ကိုဗစ်-19 ရောဂါကဲ့သို့ပင် သီးခြားကုသရန် ဆေးမရှိဘဲ ရောဂါလက္ခဏာများ သက်သာရန်သာ ကုသပေးနိုင်သည့် ရောဂါဖြစ်ပြီး နှစ်စဉ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ ယခုလက်ရှိအချိန်အထိ ကိုဗစ်-19 ရောဂါထက်ပင် များပြားနေပါကြောင်း၊ အလားတူပင် အခြားကူးစက်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၏ ဖြစ်ပွားမှုနှင့် သေဆုံးမှုများလျှော့ချရန် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ သွေးလွန် တုပ်ကွေးရောဂါသည် လူကြီးများတွင်လည်း ဖြစ်ပွားပြီးဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်ပါကြောင်း။

 

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ မည်မျှအတိုင်းအတာအထိ စနစ်ကျထိရောက်စွာဆောင်ရွက်နိုင်သည့် အတိုင်းအတာပေါ်တွင် ထင်ဟပ်နေပါကြောင်း၊ ထိုသို့အောင်မြင်မှု ရရှိစေရေးအတွက် အဓိကအချက်ဖြစ်သော ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာရန် အတွက် ကိုဗစ်-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ဆောင်ရွက်နေသော နည်းဗျူဟာများကဲ့သို့ပင် အသုံးပြုဆောင်ရွက် ရမည်ဖြစ်ပါကြောင်း သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် ခြင်ကျားသည် နေအိမ်တွင်းနှင့် နေအိမ် ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်းဖြစ်သည့်အတွက် လက်တွေ့ကျပြီး ထိရောက်သော နည်းဗျူဟာများကို သုံးပြီး ခြင်ပေါက်ဖွားမှုနေရာများ လုံးဝမရှိအောင် ဆောင်ရွက်ပါက သွေးလွန်တုပ်ကွေး ရောဂါဖြစ်ရန် အကြောင်းမရှိပါကြောင်း၊ ခြင်ဥမှ လောက်လန်းပေါက်ဖွားခြင်းနှင့် သက်ကြီးခြင်ကျားကောင်အဖြစ်သို့ ရောက်ရှိခြင်း မရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနည်းဗျူဟာများအပြင် ပန်းအိုး၊ ရေအိုးစသည်တို့၏ အတွင်းနံရံများကို ပွတ်တိုက်ဆေးကြောခြင်း ပြုလုပ်မှသာ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည် ဖြစ်ပါကြောင်း၊ နေအိမ်ပတ်ဝန်းကျင်တွင် ရေကြည်ရေသန့်ခိုအောင်းနိုင်သည့် နေရာများကို ဖယ်ရှားရှင်းလင်းခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှသာလျှင် ရောဂါဖြစ်ပွားမှုများ သိသာစွာ ကျဆင်းလာမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်၊ နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသား အဆင့် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အူရောင်ငန်းဖျားရောဂါများကို လက်ကိုစင်ကြယ်စွာဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအသောက်ကို စားသုံးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုကောင်းခြင်း တို့ဖြင့်ကာကွယ်နိုင်ပါကြောင်း၊ ယခုအခါ ပြည်သူများတွင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးအတွက် အသိပညာဗဟုသုတများ ယခင်ကထက် ပိုမိုကြွယ်ဝလာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးရောဂါရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးစီမံချက် (၆၈) ခုမှ တာဝန်ခံမန် နေဂျာများအနေဖြင့် ယခု ကိုဗစ်-19  ကာကွယ်၊ ထိန်းချုပ် နေရသည့် အချိန်ကာလ၌ မိမိတို့စီမံချက်ဆိုင်ရာ စာရင်းဇယားနှင့် သတင်းအချက်အလက် စနစ်ပြည့်စုံ မှန်ကန် ကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်း များကို ပြန်လည်ဆန်းစစ်မွမ်းမံခြင်း၊ လုပ်ငန်းနည်းဗျူဟာများ ပြန်လည် ဆန်းစစ်မွမ်းမံခြင်း တို့ကိုဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ ဆေးသုတေသန ဦးစီးဌာနအနေဖြင့်လည်း ဦးစီးဌာနမှ ဆောင်ရွက်နေသော သုတေသနများသည် ဝန်ကြီးဌာနရှိ ကျန်းမာရေး စီမံချက်လုပ်ငန်းများအတွက်  အထောက်အကူပြုနိုင်မှု အခြေအနေကို ပြန်လည်ဆန်းစစ်စေပြီး ယခုထက်ပိုမို လုပ်ဆောင်စေလိုပါကြောင်း၊ ကျန်းမာရေးစီမံချက် လုပ်ငန်းများနှင့် ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလ၌ ဖြစ်သော ရောဂါများဆိုင်ရာ အသုံးချသုတေသနများ ပိုမိုလုပ်ဆောင် စေလိုပါကြောင်း။

 

ယခုကဲ့သို့ အသွားအလာ ကန့်သတ်ထားသည့် အချိန်ကာလအတွင်း၌ ကျန်းမာရေးစီမံချက်လုပ်ငန်းအလိုက် လုပ်ငန်းအစီအစဉ်အသေးစိတ်များကို တိုင်းဒေသကြီး/ ပြည်နယ်များမှ သက်ဆိုင်ရာ စီမံချက်တာဝန်ခံများနှင့် Video Conferencing ဖြင့် ဆွေးနွေး၍ ကိုဗစ်-၁၉ နောက်ပိုင်းကာလ၌ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ချမှတ်စေလိုပါကြောင်း၊ ထို့အပြင် ကျန်းမာရေးစီမံချက် လုပ်ငန်းများအနေဖြင့် ၎င်းတို့နှင့် လက်တွဲပူးပေါင်း ဆောင်ရွက် နေသော မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Video Conferencing ကို အသုံးပြု၍ ကိုဗစ်-19 ပြီးဆုံးကာလ၌ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေထားသည် Mobile Tablet များကို အထူးဦးစားပေး အသုံးပြု၍  မိုးရာသီတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းအချက်အလက်ပေးပို့ခြင်း၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများပေးခြင်း စသည် တို့ကို ဆောင်ရွက်စေလိုပါကြောင်း၊  ယခု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထူးဦးစားပေး၍ ဆောင်ရွက်နေသော်လည်း ကာလကြာရှည်စွာ ဆေးသောက်ရသည့် တီဘီရောဂါ၊ ခုခံကျရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ လူနာများအတွက် ဆေးဝါးများ မပြတ်လပ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးရာသီကာလတွင် အဖြစ်များသော ရောဂါများအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပီပြင်ထိရောက်စေရန်အတွက် မြို့နယ်ဆရာ ဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ တက်ကြွစွာဆောင်ရွက်မှုနှင့် ပြည်သူများ၏ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ အထူးလိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေးချက်များနှင့် အကြံပြုချက် များကို မြို့နယ်ဆရာဝန်များထံသို့လည်း ထပ်ဆင်ဖြန့်ဝေ အသိပေးသွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစီမံချက်၊ မန်နေဂျာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေရည်ရည်လင်းက အမျိုးသားအဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးစီမံချက် (၂၀၂၀) ရေးဆွဲထားရှိမှု၊ လုပ်ငန်းနည်းဗျူဟာများ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များကို လည်းကောင်း။

 

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက မိုးရာသီကာလ တွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားကူးစက်မှုများရှိမည်ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများ လူနာများအားကုသ စောင့်ရှောက်မှုပေးစဉ် ရောဂါကူးစက်ခံရမှုဖြစ်ပွားနိုင်ခြင်း၊ ရာသီတုပ်ကွေးရောဂါရှိသူ ကျန်းမာရေးဝန်ထမ်းများထံမှ လူနာများထံ ရောဂါထပ်ဆင့်ပြန့်ပွားနိုင်ခြင်းတို့ကို ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း။

 

ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာတိုးသီရီအောင်က မိုးရာသီကာလတွင် သဘာဝဘေး အန္တရာယ်များကြောင့် ရွေ့ပြောင်းနေထိုင်ရသူများ နေထိုင်မည့် နေရာများ၊ ဒုက္ခသည်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ပြန့်ပွားကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အစီစဉ်များကိုလည်းကောင်း။

 

အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက် မန်နေဂျာ ဒုတိညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာအောင်က မိုးရာသီကာလတွင် အသည်းရောင်အသားဝါ- အေ၊ အသည်းရောင်အသားဝါ - အီး နှင့်  ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) တို့ဖြစ်ပွားမှုများပြား လာမည်ဖြစ်သည့်အတွက် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ အရှိန်အဟုန် ဖြင့်ဆောင်ရွက်ရေး ကိစ္စရပ်ကို လည်းကောင်း တင်ပြသည်။

 

ဆက်လက်၍ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရန်အတွက် အစီအစဉ်များ၊ လက်တွေ့မြေပြင်တွင် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်