ရန်ကုန် ၅ မေ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများအတွက် ဆန်အိတ် ၁၀၀၀ ကို ကမ္ဘောဇဘဏ်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရရုံး၌ ပေးအပ်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် လက်ခံရယူခဲ့သည်။
ကမ္ဘောဇဘဏ်သည် ၂၀၁၆ ခုနှစ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၀၀၀ မတည် လှုဒါန်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တနင်္သာရီ မြစ်ရေကြီး ရေလျှံမှုတွင် ကျပ်သိန်း ၅၀၀ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်သူများထံသို့ လှူဒါန်းခဲ့သည့်အပြင် ရေဘေးသင့်ပြည်သူများအတွက် ဆန်ဆီနှင့် ကုန်ခြောက်များကို ဘဏ်အရာထမ်း၊ ဝန်ထမ်းများက ပေးအပ်လှူဒါန်းခဲ့သည်။
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိ ကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခြင်း၊ ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ လှူဒါန်း ကျပ်သိန်း ၂၀၀၀ မ,တည်ကာ ရိက္ခာထုပ်ပေါင်း ၁၀၀,၀၀၀ ကို နိုင်ငံတွင်း အရေးပေါ်လိုအပ်သော နေရာများကို ဖြန့်ဝေလှူဒါန်းခြင်း၊ တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် နိုင်ငံသားများနှင့် ၎င်းတို့ရောက်ရှိနေထိုင်ရာ နေရာဒေသများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စောင့်ကြည့်လူနာများအတွက် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေးပစ္စည်း (၆) မျိုးကို လှူဒါန်းလျက်ရှိသည်။
ကမ္ဘောဇဘဏ်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ အပါအဝင် ပြည်နယ်နှင့်တိုင်းအားလုံးရှိ အခြေခံပြည်သူများကို ပေးဝေလှုဒါန်းရန်အတွက် ရည်ရွယ်၍ ငွေကျပ်သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ဆန်အိတ် ပေါင်း ၂၁၀၀၀ ကျော်ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီသို့ လှူဒါန်းထားသည်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယနေ့အထိ ကျပ်သိန်းပေါင်း ၃၃,၀၇၄ ကို လှုဒါန်းခဲ့ပြီးဖြစ်သည်။
ကိုကျော်


