ရန်ကုန် ၅ မေ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး ဦးဆောင်သည့် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်အဖြစ် ဦးမျိုးဝင်းဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးမှုများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ကော်မတီဒုတိယဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၈)ဖွဲ့ထံကို အခုကော်မတီ ဖွဲ့စည်းထားကြောင်းနဲ့ ညှိနှိုင်းမှုတွေ ဆောင်ရွက်ဖို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ရှင်းပြပါတယ်။ အဲ့ဒီထဲက (၁၄) ဖွဲ့ကတော့ ဆက်သွယ်မှုနဲ့အတူ စပြီး ဆောင်ရွက်နေပြီလို့ ပြောပြပါတယ်။ ဒီနေ့က ပထမဦးဆုံး ဆောင်ရွက်တာဖြစ်ပြီး နောက် ၂ ရက်လောက်နေရင် NCA လက်မှတ်ရေးထိုးထားတဲ့ EAO (၁၀) ဖွဲ့နဲ့ အွန်လိုင်းမှာ ဆွေးနွေးမယ်။ လိုအပ်တာတွေကိုတော့ တစ်ဖွဲ့ချင်းစီ ဆက်လက်ဆွေးနွေးမယ်။ ကိုဗစ်-၁၉ က ကျွန်တော်တို့ တစ်မျိုးသားလုံးအတွက် အရေးကြီးသလို လူသားချင်း စာနာထောက်ထားမှုမှာလည်း ဒီကိစ္စက အလေးထားရမှာဖြစ်တဲ့အတွက် လက်မှတ်ထိုးတဲ့ အဖွဲ့ရော၊ လက်မှတ်မထိုးတဲ့ အဖွဲ့ရော အားလုံးပါဝင်ပြီးတော့ ဆက်သွယ်ဆောင်ရွက်မယ်လို့ ကော်မတီဒုတိယဥက္ကဋ္ဌက ရှင်းပြသွားပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရာတွင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) ဖြင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။
NCA-S EAO ကိုယ်စားလှယ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်းက “ဒီနေ့တွေ့တာကတော့ တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် အလွတ်သဘော တွေ့တဲ့သဘောပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွှေ ဘယ်လို လုပ်မလဲဆိုတာကို ပြင်ဆင်တယ်၊ စီစဉ်တယ်။ အဓိကကတော့ နိုင်ငံတော်သမ္မတက တာဝန်ပေးပြီး ညွှန်ကြားထားတဲ့ အကြောင်းအရာတွေဆွေးနွေးတယ်။ EAO တွေကလည်း ကိုဗစ်-၁၉ ဆိုင်ရာနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက် ထားတယ်။ ရှေ့ဆက် ဘာတွေ ပြင်ဆင်ဆောင်ရွက်သွားမယ်ဆိုတာကို ဆွေးနွေးပါတယ်။ အခုလတ်တလောမှာတော့ အားလုံးသိတဲ့အတိုင်း နယ်စပ်အသီးသီးက ပြန်လာကြမဲ့ ရွှေ့ပြောင်းအလုပ်သမား ကိစ္စအရေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ စဉ်းစားဆောင်ရွက်မလဲ ဆိုတာမျိုးပေါ့။ ဆွေးနွေးရမယ့် အကြောင်းအရာတွေကိုပဲ ဆွေးနွေးတာပါ။ အသေအချာတော့ တရားဝင်တော့ မဆွေးနွေးရသေးပါဘူး။
NCA-S EAO တွေအနေနဲ့ကတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ဆောင်ရွက်တာ အဓိကအနေနဲ့ နှစ်ပိုင်းရှိမယ်။ နံပါတ်တစ်အနေနဲ့ ကာကွယ်ထိန်းချုပ်ရေးအပိုင်း၊ နံပါတ်နှစ် အနေနဲ့ကတော့ ကုသရေးအပိုင်းပေါ့။ ကုသရေးအပိုင်းနဲ့ ပတ်သက်ရင်တော့ EAO တွေဘက်မှာ အခက်အခဲရှိမယ်။ အဲ့ဒီအခါကြရင် အစိုးရနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက် မယ်ဆိုတာ ပြင်ဆင်ရမယ် ” ဟု ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် NCA-S EAO ကိုယ်စားလှယ်များသည် မေ (၈) ရက်တွင် နှစ်ဖက်တွေဆုံနိုင်ရန် စီစဉ် ဆောက်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှုကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးမျိုးဝင်းက “အကြမ်းဖျဉ်းအနေနဲ့တော့ မေ (၈) ရက်မှာ နှစ်ဖက်တွေ့ဖို့ လျာထားပါတယ်။ အဲ့ဒီလို တွေ့နိုင်ဖို့ အတွက်လည်း ကြိုးစားနေပါတယ်။ အခုလောလောဆယ်မှာတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအပိုင်းမှာ ဘာတွေလိုအပ်မလဲပေါ့။ အစိုးရအနေနဲ့ကတော့ နည်းပညာနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ကူညီဖို့ ကမ်းလှမ်းတယ်။ ဒါကတော့ တစ်ဖွဲ့ခြင်းစီရဲ့ ထူးခြားမှုနဲ့တစ်ဖွဲ့ခြင်းစီရဲ့ နယ်မြေအလိုက် လိုအပ်မှုကိုပဲ စဉ်စားဆောင်ရွက်ရမှာပါ” ဟုပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီကို ၂၀၂၀ ခုနှစ် ဧပြီ (၂၇)တွင် သမ္မတရုံး အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ လုပ်ငန်းတာဝန် (၇) ခုကို ဆောင်ရွက်သွားမည် ဖြစ်သည်။
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-HMS


