ဇမ္ဗူသီရိ  ၅ မေ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများကပ်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းလုပ်ငန်းများကို ယနေ့ညနေ (၅) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့မဈေးစည်ပင်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဇေယျာသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

 

ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စနစ်တကျ လက်ဆေးပေး၊ နှာချေ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ၊ Mask အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ စသည့် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် ပိုစတာများကို လူသွားလူလာများပြားသည့် မြို့မဈေး ဆိုင်ခန်းများနှင့် လက်ဆေးဘေစင်နေရာများတွင် ချိတ်ဆွဲပြသ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် COVID-19 မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။

 

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့မဈေးစည်ပင်မှ တာဝန်ရှိသူများအနေဖြင့် လက်ဆေးဘေစင်များ ထားရှိပေးခြင်းနှင့် ဈေးရောင်းသူ၊ ဈေးဝယ်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးလုပ်ငန်းများအား နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ဈေးရောင်းသူ၊ ဈေးဝယ်သူများကို Mask မတပ်ပါက ရောင်းချခွင့် ဝယ်ယူခွင့်မပေးကြောင်း သိရသည်။

 

ကျန်းမာရေးဦးစီးဌာန အနေဖြင့်လည်း လက်ကိုင်အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟိန်းသူအောင်(ပြန်/ဆက်)