ချင်းရွှေဟော် ၅ မေ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ထိုသို့ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ ချင်းရွှေ့ဟော်နယ်စပ်ဂိတ်ပေါက်တွင် ကိုယ်ပူချိန်တိုင်းတာခြင်း၊ ရောဂါလက္ခဏာ ရှိ/မရှိ ကျန်းမာရေး စစ်ဆေးမှု များပြုလုပ်ခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေသန့်ဘူးများ ဝေငှပေးခြင်း၊ စနစ်တကျ လက်ဆေးနိုင်ရန် လက်ဆေးစင်များနှင့် လက်သန့်ဆေးရည်ဘူးများ ထားရှိပေးခြင်းများနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ စီစဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်မြို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ဧပြီ ၃၀ ရက်မှစတင်၍ စီစဉ်ပို့ဆောင် ပေးလျက်ရှိရာတွင် ယနေ့အထိ အမျိုးသား(၉၄၇)ဦးနှင့် အမျိုးသမီး(၆၃၂)ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၁၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂၉၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၂၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂၃၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၄၉၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၄၈)ဦး၊ ကချင်ပြည်နယ်မှ (၁၃)ဦး၊ ချင်းပြည်နယ်မှ (၂၄)ဦး၊ ရှမ်းပြည်နယ်မှ (၁၉၅)ဦး၊ မွန်ပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁၄)ဦးနှင့် နေပြည်တော်မှ (၁၅)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၇၉)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


