၆ မေ
ဆေးပညာဂျာနယ်တစောင်မှာ အမျိုးသမီးတစ်ဦးရဲ့ မေးခွန်းကို ဖော်ပြထားပါတယ်။ သူ့ရဲ့ မေးခွန်းအရ သူဟာ အသက်လေးဆယ်အရွယ် အားကစားလိုက်စားသူဖြစ်ကြောင်း၊ တစ်ပတ်ကို ၆ ရက်ခန့် တစ်ရက်ကို တစ်နာရီခန့် အားကစားလေ့ကျင့်ကြောင်း၊ ဒါပေမယ့် စားသောက်ချင်စိတ်များနေပြီး ကိုယ်အလေးချိန်ကျသင့်သလောက် မကျကြောင်း စသဖြင့် အကြံဉာဏ်တောင်း မေးမြန်းထားပါတယ်။
ဒီအကြောင်းကို ပြန်လည်ဖြေကြား ဆွေးနွေးသွားတဲ့အချက်တွေကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန်ကို လျှော့ချဖို့ဆိုရာမှာ အချက်များစွာနဲ့ ဆိုင်ပါတယ်။ အဓိကအားဖြင့်
– အစားအသောက်
– လှုပ်ရှားမှုအတိုင်းအတာ
– မျိုးရိုးဗီဇ
– အသက်အရွယ် စတာတွေပေါ် မူတည်ပါတယ်။
စိတ်ဖိစီးမှုဟာ ကိုယ်အလေးချိန်ပြောင်းလဲခြင်းနဲ့ ဆက်စပ်နေပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံ လုပ်ခြင်းဟာလည်း စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ အတက်အကျကို ဖြစ်စေပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ အခက်အခဲဖြစ်စေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ့် အလွန်အကျွံ လှုပ်ရှားပြီး လုံလောက်တဲ့ အနားယူခြင်းမရှိရင် ကိုယ်အလေးချိန်လျှော့ချရာမှာ ထိရောက်ခြင်း မရှိပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းနဲ့ အနားယူအားမွေးချိန်နှစ်ခုအကြား ဟန်ချက်ညီဖို့ လိုပါတယ်။
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခဲ့ရင်၊ နှလုံးနဲ့သွေးကြောများအားစိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ရင် (ဥပမာ မာရသွန်ပြေးခြင်း) ကော်တီဆောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ထွက်လာနိုင်ပါတယ်။ ကော်တီဆောဟော်မုန်းဟာ ကျန်းမာရေးအတွက် အရေးပါတဲ့နေရာမှာ ပါဝင်ပေမယ့် ရေရှည်မြင့်တက်နေမယ်ဆိုရင်တော့ –
– ကိုယ်အလေးချိန်မြင့်တက်ခြင်း
– အိပ်မပျော်ခြင်း
– ရောင်ရမ်းမှုမြင့်တက်ခြင်း
– ဝမ်းဗိုက်အဆီစုလာခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
ကော်တီဆောဟော်မုန်းမြင့်နေရင် ဆာလောင်မှုကို မြင့်တက်စေပြီး အရသာကောင်းမွန်အောင် ပြုပြင်ထားတဲ့ သရေစာတွေကို ပိုမိုစားသောက်လာစေပါတယ်။ ဒါကြောင့် ကော်တီဆော ဟော်မုန်းမြင့်တက်ခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။
ဖိစီးမှုကြောင့် ကိုယ်အလေးချိန်မြင့်တက်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းအစီအစဉ်၊ လှုပ်ရှားမှု စတာတွေကို လျှော့ချရပါမယ်။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား အားပြန်ဖြည့်ရပါမယ်။ ကော်တီဆောလျှော့ချနိုင်တဲ့ လှုပ်ရှားမှုတွေ ဥပမာ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။
အစားအသောက်ရွေးချယ်ခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် စားသောက်ပုံဟာ အဓိကကျပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချဖို့အတွက်ဆိုရင် သင့်ရဲ့စားသောက်မှုပုံစံကို အနည်းငယ် ပြုပြင်ရုံပါပဲ။
ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ ပိုမိုစားသုံးရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီတွေကိုပဲ စားသုံးရပါမယ်။ ကာဘိုဟိုက်ဒရိတ်ကိုလည်း လျှော့ချစားသုံးသင့်ပါတယ်။
အလေးမကျင့်ခြင်း (သို့) သန်မာစေသော လေ့ကျင့်ခန်းများ
တကယ်လို့သင့်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်အများစုမှာ လှုပ်ရှားမှုအသားပေးတာများနေပြီး သန်မာမှုကို ဦးစားပေးတဲ့ အစီအစဉ်တွေ နည်းနေမယ်ဆိုရင် ပြန်လည်ပြင်ဆင်သင့်ပါတယ်။ အလေးမခြင်း၊ သရေပြားဆွဲခြင်း၊ ဒိုက်ထိုးခြင်း စတဲ့ သန်မာမှုနဲ့ ကြွက်သားတောင့်တင်းမှုတည်ဆောက်တဲ့ လေ့ကျင့်ခန်းတွေကို အစားထိုးရပါမယ်။ သန်မာတောင့်တင်းမှုကို ဦးစားပေးတဲ့ လေ့ကျင့်ခန်းတွေဟာ ကယ်လိုရီများကို လောင်ကျွမ်းစေပါတယ်။
အစားစားလိုစိတ်အတွက် သတိပြုသင့်သည်များ
အစာစားချင်စိတ်များနေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းထားချင်တယ်ဆိုရင် အောက်ပါနည်းလမ်းတွေကို ထည့်သွင်းစဉ်းစားရပါမယ်။
– ကယ်လိုရီများတဲ့ အစာတွေကို စားသင့်သလောက် စားသုံးဖြစ်လား ဆန်းစစ်ပါ။ နေ့အချိန်မှာ လိုသလောက်မစားဖြစ်ရင် ညဖက်မှာ စားချင်စိတ်ပေါ်လာနိုင်ပါတယ်။
– ရေဓာတ်ပြည့်ဝအောင် သောက်သုံးပါ။ အထူးသဖြင့် အားကစားသမားတွေအတွက် အရေးကြီးပါတယ်။ ရေများများသောက်ရင် အစာစားချင်စိတ်ကို လျော့စေပါတယ်။
– ပရိုတိန်း များများစားပါ။ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြက်ဘဲ၊ တိုဖူး စတာတွေကို ထမင်းနဲ့ဖြစ်စေ၊ သရေစာ အနေနဲ့ဖြစ်စေ စားသုံးပါ။
– အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ရင် ကော်တီဆောဟော်မုန်းကို တက်လာစေပြီး အစာကို တစွတ်စွတ်စားချင်စိတ် ဖြစ်ပေါ်လာပါတယ်။
အထက်ပါအကြောင်းအရာတွေကို လိုက်နာကျင့်သုံးပေမယ့် အဆင်မပြေသေးရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။
ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”