မင်းဘူး   ၆   မေ                       

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် တရုတ်နိုင်ငံနယ်စပ်မှ ရခိုင်ဒေသခံ နေရပ်ပြန် ပြည်သူ (၂၈၀) တို့သည် မန္တလေးမြို့မှတစ်ဆင့် မင်းဘူးမြို့သို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိပြီး မိမိဒေသသို့ ပြန်လည်စေလွှတ်နိုင်ရေးကို မင်းဘူးမြို့မရဲစခန်းမှ စီစဉ်‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရခိုင်ဒေသခံ နေရပ်ပြန်ပြည်သူ (၂၈၀) ဦးတို့ကို မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာအုပ်စု လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီးတွင် မင်းဘူးမြို့ မြို့နယ်ရဲမှူး အောင်ကြည်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မင်းဘူးခရိုင်ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးဉက္ကဋ္ဌ ဦလှအောင်နှင့်အဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးသည့် မော်တော်ယာဉ် (၇)စီးဖြင့် နေရပ်ပြန်ပြည်သူများအားလုံးကို မင်းဘူး-ပဒါန်း-အမ်း-စစ်တွေ ကားလမ်းအတိုင်း မိမိဒေသသို့ပြန်လည်စေလွှတ်နိုင်ရေးကို စီစဉ်‌ဆောင်ရွက်ပေး ခဲ့ကြသည်။

 

ဆက်လက်၍ နေရပ်ပြန်ပြည်သူ ကျား ၁၇၅ ဦး၊ မ ၁၀၅ ဦး စုစုပေါင်း ၂၈၀ ဦးတို့အား ကန်ရေကျေးရွာ ကျေးလက်ကျန်းမာရေးမှူး ဒေါ်နီနီဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ လိုက်နာဆောင်ရွက်၍ နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်(မင်းဘူး)