တောင်ငူ ၆ မေ

တောင်ငူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မေ ၅ ရက် ညနေပိုင်းက သောက်သုံးရေ ပြတ်လပ်နေသည့် တောင်ငူမြို့နယ် ၅ မိုင်ကျေးရွာသို့ သွားရောက်၍ သောက်သုံးရေ ဂါလန် (၂၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးများ၏ လမ်းညွှန်ချက်နှင့်အညီ တောင်ငူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိမိတို့မြို့နယ်အတွင်းရှိ နွေရာသီသောက်သုံးရေ ပြတ်လပ်နေသော ကျေးရွာများအား သောက်သုံးရေရရှိရေးအတွက် ဌာနပိုင်တော်ယာဉ်များဖြင့် လိုက်လံဖြန့်ဝေ ပို့ဆောင်ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်နေ့က ကျောက်ပါးစပ်ကျေးရွာသို့ သောက်သုံးရေ ဖူလုံစေရန် ရေဂါလန် (၂၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအ‌နေဖြင့်လည်း တိုင်းဒေသကြီး အတွင်း နွေရာသီရေရှားပါးမှု ကြုံတွေ့ရသည့် ကျေးရွာများရှိ ပြည်သူများ သောက်သုံးရေရရှိရေးအတွက် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေမှုများ ပြုလုပ်‌ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကဝမြို့နယ် စာဖြူစုကျေးရွာ၊ သနပ်ပင်မြို့နယ် ဉာဏ်ကျွန်းကျေးရွာတို့တွင် ရေဂါလန်ပေါင်း (၄၅၀၀)ကို လည်းကောင်း၊  ဧပြီလအတွင်းတွင် ပဲခူးမြို့နယ်  ကလိကျေးရွာ၊ ကဝမြို့နယ် မမောက်ကျေးရွာနှင့် ကန်တော်ကျေးရွာ၊ သနပ်ပင်မြို့နယ် ကျွဲတဲကျေးရွာ၊ ဆယ်ဧကကျေးရွာနှင့် သနတ်တန်းကျေးရွာ၊ တောင်ငူမြို့နယ်  ကျောက်ပါးစပ်ကျေးရွာနှင့် စပါးလင်ကုန်းကျေးရွာများတွင် ရေဂါလန်ပေါင်း (၂၇၄၂၀၀) ဂါလန်အား လည်းကောင်း ကျေးရွာအရောက် ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်းမှ ပြောကြားကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)