မင်းဘူး   ၆   မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ရှိ ကန်ဦးသဘာဝ ဓမ္မရိပ်သာတွင် Facility Quarantine ၂၁ ရက်ဝင်ရောက်နေသူ (၅၃)ဦးကို နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စကုမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

 

“နယ်စပ်ဒေသများက ပြန်ရောက်လာသူများကို ဒီရိပ်သာမှာ Quarantine ထားရှိဖို့ အတွက် ဆရာတော်ကြီး ဦးဓမ္မသေန ထံခွင့်တောင်းပြီး ရိပ်သာအကျိုးဆောင်အဖွဲ့ဝင်များနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဧပြီ ၂၆ ရက်နေ့စပြီး စတင်ထားရှိဆောင်ရွက်ခဲ့ပါတယ်၊ ဒီမှာ ရှိတဲ့သူအားလုံးက စကုမြို့ပေါ်ရပ်ကွက်ရယ် ကျွဲတဲရွာနဲ့ ညောင်ကိုင်းရွာကသူများဖြစ်ပါတယ်၊ သူတို့က ပြည်တွင်းနယ်စပ်ဒေသမှာ သွားရောက်လုပ်ကိုင်သူတွေ အများဆုံးဖြစ်ပြီးတော့ ရန်ကုန်မြို့ကနေ အလုပ်လုပ်ပြီး ပြန်ရောက်လာသူက ၇ ဦးပါဝင်ပါတယ်၊ ကြီးကြပ်ရေးအဖွဲ့ အနေနဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် ၂ဦး၊  မီးသတ်တပ်ဖွဲ့ဝင် ၂ဦး၊  ကြက်ခြေနီ တပ်ဖွဲ့ဝင် ၂ ဦးတို့က ကျန်းမာရေး၊ တည်းခိုနေထိုင် စားသောက်ရေးနဲ့ အခြားလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုနဲ့အညီ လိုက်နာဆောင်ရွက်ပြီးတော့ စကုမြို့မ မိခင်ကလေးကျန်းရေးဌာနနဲ့ ကျောက်စံကျေးလက် ကျန်းမားရေးဝန်ထမ်းများက တစ်နေ့ကို (၂)ကြိမ်နှုန်း ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေး လျက်ရှိပါတယ်” ဟု စကုမြို့အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောသည်။

 

ဆက်လက်၍ စကုမြို့အုပ်ချုပ်ရေးမှူးဦးကြည်မင်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ညွန့်နှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ထံ နှာခေါင်းစည်း (Mask)များကို ဖြန်ဝေပေးခဲ့ကြသည်။ ထို့နောက် Quarantine ၂၁ရက်ပြည့်ပါက ကျန်းမားရေးထောက်ခံချက်များနှင့် ပြန်လည်စေလွှတ်မည် ဖြစ်ပြီး အိမ်တွင် Home Quarantine (၇)ရက်ထပ်မံ၍ ညွှန်ကြားချက်များအတိုင်း လိုက်နာနေထိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ကန်ဦးသဘာဝ ဓမ္မရိပ်သာတွင် ယခုလက်ရှိ ကျား(၃၀)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း (၅၃)ဉီးရှိပြီး COVID-19ရောဂါ နှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးတစ်ယောက်မျှ မရှိသေးပါကြောင်းနှင့် သတ်မှတ်ထားသည့် စည်ကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

 

မောင်မောင်(မင်းဘူး)