မန္တလေး  ၆   မေ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ One Way (တစ်လမ်းမောင်း) သတ်မှတ်ထားသည့် လမ်းအချို့ကို မေ ၉ ရက် နံနက် ၄ နာရီမှ စတင်၍ Two Way(နှစ်လမ်းမောင်း) လမ်းများအဖြစ် ပြောင်းလဲကာ စတင်မောင်းနှင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

 

ထိုသို့ နှစ်လမ်းမောင်းအဖြစ် မောင်းနှင်ခွင့်ပြုမည့် လမ်းများမှာ မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ် ၂၆ လမ်းမှ ၃၅ လမ်းအတွင်းရှိ ၈၁ လမ်း၊ ၈၂ လမ်း၊၈၃ လမ်းနှင့်  ၈၄ လမ်းများဖြစ်ကြောင်း သိရသည်။ ၈၁ လမ်း သည် ၃၅ လမ်းမှ ၂၆ လမ်းအထိ တောင်မှ မြောက်သို့လည်းကောင်း၊ ၈၂ လမ်း သည် ၂၆ လမ်းမှ ၃၅ လမ်းအထိ မြောက်မှ တောင်သို့လည်းကောင်း၊ ၈၃ လမ်းသည် ၃၅ လမ်းမှ ၂၆လမ်းအထိ တောင်မှ မြောက်သို့လည်းကောင်း၊ ၈၄ လမ်းသည်  ၂၆ လမ်းမှ ၂၈ လမ်းထိ မြောက်မှ တောင်သို့လည်းကောင်း အသီးသီး မောင်းနှင်ခွင့်ပြုထားရာ လာမည့် မေ ၉ ရက်နေ့မှ စတင်၍ အဆိုပါလမ်းများကို နှစ်လမ်းမောင်း(Two Way)အဖြစ် အများပြည်သူ သွားလာမောင်းနှင် ခွင့်ပြုတော့မည်ဖြစ်သည်။

 

အဆိုပါ လမ်းများကို အသုံးပြုမောင်းနှင်ရာတွင် တောင်မြောက်လမ်းများကို အဓိကလမ်းများအဖြစ် သတ်မှတ်ပြီး အရှေ့၊ အနောက်လမ်းမှ ယာဉ်ကြောများက ဦးစားပေး သွားလာရမည်ဖြစ်ကာ နှစ်လမ်းမောင်းအဖြစ် သတ်မှတ်သည့်လမ်းများပေါ်တွင် Parking ဆေးလိုင်းအတွင်း အလျားလိုက် ရပ်ရန်နှင့် ကန့်လန့်ရပ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ဆိုင်ခန်းများ တည်ခင်းရောင်းချခြင်း မပြုလုပ် ကြရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပါဝင်ကြပ်မတ်သွားမည် ဖြစ်ကြောင်း၊ မေလ ၁၅ ရက်နေ့အထိ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးကာလအဖြစ် သတ်မှတ်ထားကာ ပညာပေးကာလပြီးဆုံးသည့် မေ ၁၆ ရက်နေ့မှ စတင်၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ၇၈ လမ်းမှ လမ်း ၈၀ အထိ ၃၆ လမ်း၊ ၃၇ လမ်း၊  ၃၉ လမ်း၊ လမ်း ၄၀ တို့ကို တစ်လမ်းမောင်းအဖြစ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အများပြည်သူ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် လမ်းများ ခင်းကျင်း၊ ပြုပြင်၊ အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေး ဝဲယာရှိ ကျူးကျော်များ၊ စည်းကမ်းမဲ့ယာဉ်များကို အသိပညာပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်း လုပ်ငန်းများအား အဆင့်ဆင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုလမ်းများအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ပြီးစီး၍ နှစ်လမ်းမောင်းအဖြစ် ပြန်လည် အသုံးပြုခွင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)