ညောင်ဦး ၆ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်း စိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ စတင်ဆွတ်ခူးရောင်းချချိန် နွေပဲတီစိမ်းတစ်တင်လျှင် ၄၂၀၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မြစ်ရေတင်ဖြင့် နွေပဲတီစိမ်း စိုက်တောင်သူများ မနှစ်ကထက် ဈေးနှုန်းပိုရနေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်မှ ယခုနှစ်တွင် နွေစပါး ၂၂၅ ဧကနှင့် အခြားသီးနှံဖြစ်သည့် နွေပဲတီစိမ်းနှင့် ငှက်ပျောစိုက်ပျိုးကြရာ နွေသီးနှံ စုစုပေါင်း ၅၉၃ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ပြီး၊ နွေပဲတီစိမ်း စိုက်ပျိုးဧက ၃၀၀ ကျော်ရှိခဲ့ကာ ပေါ်ဦးပေါ်ဖျားနွေပဲတီစိမ်း တစ်တင်း ၄၂၀၀၀ ကျပ်ထိ ရောင်းချရခြင်းကြောင့် မြစ်ရေတင် ဖြင့်စိုက်ပျိုးသည့် တောင်သူများ ယခင်နှစ် နွေပဲတီစိမ်း ပေါ်ဦးပေါ်ဖျားဈေးနှုန်းထက် ၃၀၀၀ကျပ် ဈေးနှုန်းပိုရကြောင်း ပဲတီစိမ်းစိုက်တောင်သူ ဦးကျော်ဆန်းထံက သိရသည်။ နွေပဲတီစိမ်းစိုက် ပျိုးခြင်းအား ဖေဖော်ဝါရီလလယ်ခန့်တွင် စတင်စိုက်ပျိုး ကြဲပက်ကြကာ စိုက်ပျိုးကြဲပက်ပြီး လေးဆယ့်ငါးရက်ကြာလျှင် ပဲတီစိမ်းအဖူး၊ အပွင့်များ စတင်ဖူးပွင့်ပြီး ရက်ခြောက်ဆယ်(၂) လပြည့်လျှင် ပဲတီစိမ်းစတင်ဆွတ်ခူး ရောင်းချကြကြောင်း ထွက်ရှိလာသည့် ပဲတီစိမ်းများအား ပခုက္ကူပွဲရုံများသို့ သွားရောက် ရောင်းချကြကြောင်း သိရသည်။ စိုက်ပျိုးသည့် ပဲတီစိမ်းမျိုးများမှာ ရေဆင်း-၁၁၊ ရေဆင်း-၁၄ မျိုးများစိုက်ပျိုးကြကာ တစ်ဧက တင်းနှစ်ဆယ် ထွက်ရှိကြောင်း သိရသည်။
နွေပဲတီစိမ်း တစ်ဧကစိုက်ပျိုးလျှင် မြစ်ရေတင်ရေသွင်းခ ပဲတီစိမ်းဆွတ်ခူးသိမ်းပြီးသည်အထိ တစ်ဧက ၃၀၀၀ ကျပ်သာပေးသွင်းရခြင်းကြောင့် တောင်သူများအခက်အခဲ တစ်စုံတစ်ရာ မရှိကြောင်းသိရပြီး၊ နွေစပါး တစ်ဧကလျှင် စပါးရိတ်သိမ်းပြီးသည်အထိ (၉၀၀၀)ကျပ် သာပေးသွင်းရကြောင်း လက်ပံခြေပေါ်မြစ်ရေတင် တာဝန်ခံဦးစီးမှူး ဦးထွန်းဇော်ထံက သိရကာ ပေါ်ဦးပေါ်ဖျား ပဲတီစိမ်းတစ်တင်း ၄၂၀၀၀ ကျပ်ထိ ရောင်းချနေရပြီး ပဲတီစိမ်းလှိုင်လှိုင်ပေါ် ချိန် ၃၉၀၀၀ ကျပ်ဈေးအောက် မရောက်နိုင်ခြင်းကြောင့် နွေပဲတီစိမ်းစိုက် တောင်သူများတွက် ခြေကိုက်မည့် နှစ်တစ်နှစ်ဖြစ်ကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံက သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


