ခင်ဦး   ၆   မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်ကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုဖောက်ပြန်မှု လျော့ချနိုင်ရေးအတွက် ၂၀၂၀ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန်ဒေသနှင့် ကိုက်ညီသော ပျိုပင်ပေါင်း နှစ်သောင်းကျော်ကို မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

ထိုသို့ပျိုးထောင်ထားရာတွင် ကျွန်းပင်၊ ပျဉ်းကတိုး၊ မယ်ဇယ်နှင့် ဒေသနှင့်ကိုက်ညီသော ပျိုးပင်ပေါင်း ၂၅၀၀၀ ကိုပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ပြည်သူများ၏ လိုအပ်ချက်ဖြစ်သော ထင်း၊ တိုင်၊ မျော များရရှိရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအတွက် ဧက ၁၀၀၀ စိုက်ပျိုးရန် ဒေသနှင့်ကိုက်ညီသော သစ်မျိုး ပျိုးပင်ပေါင်း ၁၅၀၀၀၀ ကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် အနီးစပ်ဆုံးနေရာဖြစ်သော သီဟတောကျေးရွာနှင့် ကုန်ကြီးကျေးရွာ တို့တွင်လည်း ပျိုးထောင်ထားရှိကြောင်း ဒေသခံပြည်သူများ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် သစ်တောဦးစီဌာနတွင်ရှိသော ပျိုးပင်များကို အခမဲ့ လာရောက် ထုတ်ယူပြီး စိုက်ပျိုးနိုင်ကြောင်း လူစည်ကားရာနေရာများတွင် ပိုစတာများဖြင့် အသိပေးထားကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးဖြိုးဝေအောင်၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)