ရန်ကုန်   ၆   မတ်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ခရီးသွားလာမှုပေါ်မူတည်၍ အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှုများပြန်လည်စတင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှ သိရသည်။

 

“ရန်ကုန်တိုင်းဒေသကြီးမှာ အခြေပြုပြီး ပြေးဆွဲပေးလျက်ရှိသော ယာဉ်လိုင်းတွေရော အခြားတိုင်းနှင့် ပြည် နယ်တွေမှာ အခြေပြုပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်ပြေးဆွဲပေးလျက်ရှိသော ယာဉ်လိုင်းများရော ရန်ကုန်မှာ အောင်မင်္ဂလာနဲ့ ဒဂုံ-ဧရာအဝေးပြေးက ထွက်တဲ့ယာဉ်လိုင်းတွေ ရှိပါတယ်။ ဒီယာဉ်လိုင်းတွေက အခုအချိန်မှာ ခရီးသွားလာမှုနဲ့ ပြန်ကြည့်ပြီးတော့ ယာဉ်လိုင်းတွေက စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

 

အဝေးပြေးယာဉ်လိုင်းများကို ဧပြီလ သင်္ကနြ်ရုံးပိတ်ရက်ကာလ၌ အလှည့်ကျနားစနစ်ဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကြောင့် ယာဉ်လိုင်းများပြေးဆွဲမှုကို ရပ်နားထားခဲ့ရသည်။ သင်္ကနြ်ရုံးပိတ်ရက်ကာလပြီးဆုံးသော်လည်း ပြည်သူများအနေဖြင့် ခရီးသွားလာမှု အပိုင်းတွင် စီမံချက်နှင့်အညီ သွားလာကြရသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှုကို ဆက်လက် ရပ်နားထားခဲ့ရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ယာဉ်လိုင်းများ ပြေးဆွဲမှုနှင့်ပတ်သက်၍ သီးခြားထုတ်ပြန်ထားခြင်းမရှိဘဲ ပုံမှန်အစီအစဉ်ဖြင့်သာ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဝေးပြေးမော်တော်ယာဉ်များ ပြေးဆွဲရာ၌ ခရီးသည်ရရှိမှုပေါ်မူတည်၍လည်းကောင်း၊ အချို့နေရာများတွင် ၂၁ ရက် ကန့်သတ်စောင့်ကြည့် ခံရမှုများကြောင့် ယာဉ်လုပ်သားများ၏ စိုးရိမ်စိတ်အတွေးကြောင့်လည်းကောင်း၊ ခရီးသွားပြည်သူများအနေ ဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အစီအမံများကြောင့် လည်းကောင်း ခရီးသွားလာမှုလျော့နည်းခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ယာဉ်လိုင်းအချို့မှာမူ ခရီးသွား ပြည်သူအနေအထားပေါ်မူတည်ကာ ပြေးဆွဲမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါယာဉ်လိုင်းများအနက် ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို မန္တလာမင်းယာဉ်လိုင်းက ပြန်လည်စတင် ပြေးဆွဲပေးလျက်ရှိပြီး မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်-တောင်ကုတ်၊ စစ်တွေ၊ ကျောက်ဖြူဘက်သို့ ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများအနေဖြင့် ပြေးဆွဲမှုပြန်လည်စတင်နိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း လျော့ကျမှုအနေအထားပေါ်မူတည်ပြီး ခရီးသွားပြည်သူလူထုက ရှိလာမှာပါ။ အဲဒီလိုရှိလာရင် ကျွန်တော်တို့ယာဉ်တွေကလည်း ခရီးသွားလာမှုအနေအထား ပေါ်မူတည်ပြီး ပြေးဆွဲမှုတွေ တိုးလာမှာဖြစ်တယ်လို့ ထင်ပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆက်လက်ပြောကြားသည်။

 

မေလ ၄ ရက်နေ့ ညနေ ၄ နာရီမှ မေလ ၅ ရက်နေ့ ညနေ၃ နာရီအထိ YRTA စာရင်းများအရ အောင်မင်္ဂလာ အဝေးပြေးမှ ထွက်ခွာသော ယာဉ်လိုင်းများမှာ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ၈ လိုင်းရှိပြီး ရန်ကုန်မြို့မှ ပခုက္ကူ၊ မော်လမြိုင်၊ ညောင်လေးပင်၊ မုံရွာ၊ ကျိုက်ထို၊ ကျောက်ဖြူ၊ ပဲခူးမြို့များသို့ ယာဉ်ပေါင်း ၂၇ စီး ထွက်ခွာခဲ့ကာ ခရီးသည်ပေါင်း ၂၅၇ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

 

အောင်မင်္ဂလာအဝေးပြေးမှ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများကို အခြေပြုသော ယာဉ်လိုင်းပေါင်း ၁၁ လိုင်း ထွက်ခွာခဲ့ပြီး တောင်ကြီး၊ တောကျွဲအင်း၊ ဘားအံ၊ စစ်တွေ၊ မြစ်ကြီးနား၊ နေပြည်တော်၊ ရေနီ၊ ဇီးကုန်း၊ ပဲခူးမြို့များသို့ ယာဉ်အစီးရေ ၂၈ စီးတွင်  ခရီးသည်ပေါင်း ၄၅၄ ဦး လိုက်ပါစီနင်းခဲ့ကာ စုစုပေါင်းအနေဖြင့် ယာဉ်လိုင်းပေါင်း ၁၉ လိုင်းမှ မြို့ပေါင်း ၁၆ မြို့သို့ ယာဉ်အစီးရေ ၅၅ စီးထွက်ခွာခဲ့ပြီး ခရီးသည် ၇၁၁ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မေလ ၅ ရက်နေ့၌ ဒလမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်းမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယာဉ်လိုင်း ၃ လိုင်းမှ ယာဉ်အစီးရေ ၄ စီးထွက်ခွာခဲ့ပြီး ခရီးသည် ၂၅ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။ ဒဂုံ-ဧရာအဝေးပြေးဝင်းမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများမှာမူ ထွက်ခွာခြင်းမရှိသေးကြောင်း သိရသည်။ လက်ရှိပြေးဆွဲပေးလျက်ရှိသော အဝေးပြေးယာဉ်လိုင်းများတွင် ယာဉ်တစ်စီးလျှင် ခရီးသည် ၁၀ ဦးခန့်ဖြင့်လည်းကောင်း၊ အချို့ယာဉ်လိုင်းများတွင် ခရီးသည် နှစ်ဦး၊ သုံးဦးခန့်ဖြင့်လည်းကောင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက အောင်မင်္ဂလာ အဝေးပြေးမှ ယာဉ်လိုင်း ၂၆၂ လိုင်းခန့်၊ ဒဂုံ-ဧရာအဝေးပြေးမှ ယာဉ်လိုင်း ၁၂၇ လိုင်းနှင့် ဒလမြို့နယ် အဝေးပြေးဝင်းမှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာဉ်လိုင်းပေါင်း ၂၃ လိုင်းခန့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

 

mdn