စစ်ကိုင်း ၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း၊ အုန်းတော်တိုက်နယ် စခန်းနယ်မြေများရှိ ငှက်ပျောသီးနှံ စိုက်ပျိုးလျက်ရှိသော တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP အသုံးပြု စိုက်ပျိုးခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety) စားသုံးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း၊ အုန်းတော်တိုက်နယ်များရှိ ကျေးရွာများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့နှင့် ဆက်သွယ်လျက်ရှိသော လမ်းမကြီးဘေးတွင် တည်ရှိပြီး ခရီးသွားပြည်သူများပြားလျက်ရှိရာ ယင်းဒေသတွင် စိုက်ပျိုးလျက်ရှိသော ငှက်ပျောသီးနှံများကို အစားအစာဘေးကင်းလုံခြုံမှုအတွက် GAP ဖြင့် စိုက်ပျိုးမှုအား တောင်သူများ စိတ်ပါဝင်စားစွာ လိုက် နာဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦစီးမှူးများနှင့်ဝန်ထမ်းများက မေ ၆ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစည်းရုံး ပညာပေးဆောင်ရွက်ခဲ့ကြသည်။
စစ်ကိုင်းမြို့နယ်တွင် လက်ရှိ (GAP)ဖြင့် သရက်(၉၆.၃၃)ဧက၊ ငှက်ပျော(၇-၅၀)ဧက၊ ဆောင်ရွက် ထားပြီးဖြစ်ရာ လယ်ယာကကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အခြားသီးနှံများဖြစ်သော သရက်၊ မာလကာနှင့် ရာသီပေါ်သီးနှံများကိုလည်း (GAP)ဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးလာနိုင်မည်ဆိုပါက စားသုံးသူပြည်သူအများ အစားအစာဘေးကင်းပြီး တောင်သူများစီးပွားရေးဘဝ ပိုမိုတိုးတက်လာမည် ဆိုမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမြတ်က ပြောသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)


