ရန်ကုန် ၆ မေ

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား (၁၃၅)ဉီးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International - MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

 

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသရှိ Asian University for Women တွင် တက်ရောက်နေသည့် မြန်မာကျောင်းသူ (၃၇)ဉီးနှင့် ဒါကာမြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၁)ဉီး၊ စုစုပေါင်း (၃၈)ဉီးတို့သည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

 

၎င်းတို့အား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗန်ကောက်မြို့နှင့် ဒါကာမြို့ရှိ မြန်မာသံရုံးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

 

ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ မြန်မာနိုင်ငံသားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြား သတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်