ဂန့်ဂေါ ၆ မေ
ဂန့်ဂေါမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို မိုးရာသီသီးနှံအဖြစ် စိုက်ပျိုးရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် “တောင်သူတွေ မျိုးကောင်းမျိုးသန့် ရရှိနိုင်ရန်အတွက် အထွက်ကောင်းမျိုးများဖြစ်တဲ့ ဆင်းရတနာ (၃)၊ ဆင်းရတနာ (၅)၊ စမုံနက်နှမ်း၊ နှမ်းနီ ၂၅/၁၆၀ မျိုးများကို မကွေးမြို့မှ သယ်ယူပြီးတော့ တောင်သူများထံ ဖြန့်ဝေပေးပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထင်အောင်ကြွယ်က ပြောသည်။
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မိုးနှမ်းကို လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည့် GAP စနစ်အကြောင်း၊ ပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်ရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဆွေးများကို စနစ်တကျ အသုံးပြုရေးတို့ကိုပါ ထည့်သွင်းဆွေးနွေးကြကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်၌ နှမ်းသီးနှံကို မိုးရာသီတွင် နှစ်စဉ် ဧကငါးသောင်းကျော် စိုက်ပျိုးလျက်ရှိရာ GAP စနစ်ဖြင့်၂၀၁၉ ခုနှစ်က ဧက ၁၇၀၀၊ ယခုနှစ်တွင် ဧက ၂၀၀၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
၁၄၄


